Wednesday 15 February 2012

နှစ်ဆယ့်တစ်ရာစု ရေသည်ပြဇာတ်

ကိုလှသောင်နဲ့ မခင်ဝင်းကို မြင်တိုင်း ကျွန်မ စိတ်ထဲမှာ ကျိတ်မနိုင် ခဲမရနဲ့ ဒေါသတွေက အလိုလို ထွက်လာတတ်တယ်။
တကယ်ဆို သူတို့ ဒီလို လုပ်သင့်လား။ သူတို့လည်း ၀မ်းရေးအတွက် ဒီအလုပ်ကို လုပ်နေရတာ ဖြစ်သလို ကျွန်မတို့လည်း စားဝတ် နေရေးအတွက် ဒီအလုပ်ကို လုပ်နေ ရတာပဲ။ စိတ်ကောင်းလေး ထားကြ ရမှာပေါ့။ အခုတော့ သူတစ်ပါး စီးပွားရေးကို ဖျက်လိုဖျက်ဆီး။ ပြီးတော့ တစ်ရပ်ကွက်တည်း နေလာကြတဲ့ အချင်းချင်းတွေ။

ကျွန်မတို့ ရပ်ကွက်မှာက ရေရှားတယ်လေ။ ရေတွင်း တူးရင်လည်း ဟိုးအောက်ပိုင်း တော်တော်ကြီး နက်အောင်တူးမှ ရေထွက်တာ ဆိုတော့ တုံကင်တွင်းတို့၊ လက်ဆွဲ အ၀ီစိ တွင်းတို့ တူးဖို့က အဆင် မပြေဘူး။ စက်နဲ့ စုပ်တင်ရတဲ့ စက်တွင်းတူးမှ ရေထွက်တာ ဆိုတော့ ရပ်ကွက် ထဲမှာက ရေတွင်းရှိတဲ့ အိမ်ရှားတယ်။ လက်ချိုး ရေကြည့်ပါမှ ခြောက်အိမ်ပဲ ရှိတာ။ ဒီခြောက်အိမ် ထဲမှာမှ လေးအိမ်က သူတို့အိမ် အတွက်ပဲ သူတို့ မောင်းတာလေ။ အခြားအိမ်တွေ အတွက် ရေမရောင်းဘူး။ ရေရောင်းတာက ဒီမြောက်ဘက်ခြမ်း ထဲက ကျွန်မတို့ အိမ်နဲ့ တောင်ဘက်ခြမ်း ထဲက ကိုမော်တာတို့ အိမ်ပဲရောင်းတာ။


ကိုလှသောင်နဲ့ မခင်ဝင်းတို့ လင်မယားက ရပ်ကွက်ထဲမှာ ရေစည်လှည်း တွန်းတာလေ။ ကျွန်မတို့ အိမ်ရှေ့မှာ ဖွင့်ထားတဲ့ ရေတိုင်ကနေ ရေတစ်စည်ကို နှစ်ရာ့ ငါးဆယ်နဲ့ ယူပြီး သူများ အိမ်တွေမှာ သုံးရာနဲ့ ရောင်းတယ်။ နည်းနည်း အလှမ်းဝေးတဲ့ အိမ်တွေဆိုရင် ရေတစ်စည်ကို သုံးရာ့ငါးဆယ် ယူတယ်။ ရပ်ကွက် ထဲမှာက နေ့စဉ် ကိုယ့်အလုပ်နဲ့ ကိုယ်ရှုပ်နေတာ ဆိုတော့ ကိုယ်ခွဲရှိတဲ့ အိမ်တွေလောက်သာ ရေစည်ကို ကိုယ်တိုင်တွန်းတာ။ ကိုယ်ခွဲ မရှိတဲ့ အိမ်တွေကျတော့ ရေစည်ကိုယ်တိုင် မတွန်းအားဘူး။ ကိုလှသောင်တို့ လင်မယား ဆီက ရေ၀ယ် သုံးကြတယ်။

“ကိုလှသောင်ရေ အိမ်ကို ရေနှစ်စည်လောက် ပို့ထားပါဦး။ ညနေ အလုပ်က ပြန်လာမှ ပိုက်ဆံရှင်း ပေးမယ်။”

“မခင်ဝင်းရေ အိမ်ကို ရေသုံးစည်လောက် လာပို့ ပေးပါဦး။ ဒီမှာ ရေဖိုး တစ်ခါတည်း ပေးခဲ့မယ်။ အိမ်ကို အရင်ဆုံး လာပို့နော်။ အိမ်မှာက ဆန်ဆေးဖို့တောင် ရေသန့်တာ မရှိတော့ဘူး။ အိမ်က ကျောက်စည်က အနည်တွေ ထနေပြီ။”

ကိုလှသောင်တို့ လင်မယားက အခြားအလုပ် မလုပ်ဘူး။ ရေစည်ပဲ တစ်နေကုန် တွန်းတာ။ တစ်နေ့ကို နှစ်ထောင်ကျော်၊ သုံးထောင်နီးပါး လောက်ဝင်တာ ဆိုတော့ သားသမီး မရှိတဲ့ လင်မယား နှစ်ယောက် စားလောက်တယ်။ မနက်လင်းပြီ ဆိုတာနဲ့ အိမ်ရှေ့မှာ ရေစည်တွန်းတဲ့ လူတွေနဲ့ ဆူညံ နေတော့တာ။ ကျွန်မ သမီးက ရေဘားနားမှာ ခုံတစ်လုံးနဲ့ ထိုင်ပြီးရေဘား အဖွင့်အပိတ် လုပ်ရင်း စာအုပ် တစ်အုပ်နဲ့ ရေစည်ခေါက်ရေ မှတ်တယ်။ ရေစည် လာတွန်းတဲ့ သူတွေက ပိုက်ဆံကို တစ်ခေါက်ချင်း မရှင်းဘူးလေ။ တွန်းလို့ တော်ပြီဆိုမှ အားလုံး စုရှင်းတာ ဆိုတော့ အခေါက်ရေ မမှားအောင် သေချာမှတ် ရတယ်။

အခြား သူတွေက သူတို့အိမ် အတွက်လောက်သာ တွန်းကြတာ ဆိုတော့ သုံးလေး ငါးခေါက်လောက် ဆိုရင် ပြီးသွားကြပြီ။ ကိုလှသောင်တို့ လင်မယား ကတော့ ဒီလို မဟုတ်ဘူး။ ရေစည်အငှား တွန်းကြတာ ဆိုတော့ တစ်နေ့ကို အခေါက်နှစ်ဆယ်။ သုံးဆယ်လောက် တွန်းတာ။ နေ့လယ်ခင်း ထမင်း စားချိန်နဲ့ နေတအား ပူတဲ့အချိန် မွန်းတည့်ကနေ မွန်းလွဲ နှစ်နာရီလောက် အထိပဲ နားတယ်။

မြောက်ဘက်ခြမ်းမှာ နေတဲ့ လူတွေက ကျွန်မတို့ ရေတိုင်မှာ ရေလာ ၀ယ်သလို တောင်ဘက်ခြမ်းက လူတွေကလည်း သူတို့ တောင်ဘက်ခြမ်းမှာ ရှိတဲ့ ကိုမော်တာ့ ရေတိုင်မှာပဲ ရေ၀ယ်ကြတယ်။ မြောက်ဘက်ခြမ်း ကနေ တောင်ဘက်ခြမ်းက ရေတိုင်ကို ရေသွား ၀ယ်ရင်ပဲ ဖြစ် ဖြစ်၊ တောင်ဘက်ခြမ်းက မြောက်ဘက်ခြမ်းကို လာ ၀ယ်ရင်ပဲ ဖြစ်ဖြစ် ပေတစ်ရာ လမ်းမကြီးကို ဖြတ်ရတယ်လေ။ ဆိုင်ကယ်က ပေါ၊ ကားကရှုပ်နဲ့ ဆိုတော့ ရေစည်ကြီး တွန်းပြီး လမ်းကူး ရတာကို ဘယ်သူမှ မလုပ်ချင်ဘူး။ အဲဒီတော့ သတ်မှတ်ထားတာ မဟုတ် ပေမဲ့လို့ နီးစပ်ရာ ကိုယ့်ဘက်က ရေတိုင်မှာပဲ ၀ယ်ကြတာ များတယ်။
ကျွန်မတို့ အိမ်ကလည်း ရေစက်ကို တစ်နေကုန် နီးပါးလောက် မောင်းနေရတာ။ ကိုလှသောင်နဲ့ မခင်ဝင်းတို့ လင်မယား ကတော့ ကျွန်မတို့ ရေတိုင်ရဲ့ နေ့စဉ် အမြဲတမ်း ဖောက်သည်လို့ ပြောလို့ရမယ်။ မနက်လင်းပြီ ဆိုတာနဲ့ ရေစည်လှည်း တွန်းပြီး ကျွန်မတို့ အိမ်ရှေ့က ရေတိုင်ကီမှာ ရောက်နေပြီ။ တစ်နေကုန် သူတို့ ယူသမျှ ရေစည် အရေ အတွက်ကို ကျွန်မ သမီးက မှတ်ထားပြီး ညနေကျမှ တစ်ပေါင်းတည်း ပိုက်ဆံရှင်းတယ်။

“အေးခိုင်ရေ၊ တောင်ဘက်ခြမ်း ထဲက ကိုမော်တာ တို့ကတော့ အိမ်တွေကို ရေမီတာ တပ်ပြီး ပိုက်သွယ်ပေး နေပြီ။ ငါတို့လည်း ပိုက်နဲ့ သွယ်ချင်တဲ့ သူရှိရင် သွယ်ပေးရရင် မကောင်းဘူးလား၊ မင်းမေးကြည့် စမ်းပါ”

ကျွန်မယောက်ျား ကိုထွန်းညွန့်က ခိုင်းလို့ ရပ်ကွက်ထဲမှာ ရေပိုက်သွယ်ချင် တဲ့သူရှိ၊ မရှိ လိုက်မေးကြည့်တော့ တော်တော် များများက သွယ်မယ် ပြောတာနဲ့ အလုပ် ဖြစ်သွားတယ်။ ဟုတ်တယ်လေ။ ရေပိုက် သွယ်လိုက်ရင် ရေစည်လှည်း တွန်းရတဲ့ ဒုက္ခ မရှိတော့ဘူး။ ရေမီတာ လေးနဲ့ဆိုတော့ တစ်လတစ်ခါ မီတာ လေးဖတ်၊ ကျသလောက်လေး တွက်ပြီး ရှင်းရုံပဲ။ ရေစက်မောင်းပေး နေတုန်းမှာ ရေလိုရင် ဘားလေးဖွင့်၊ မလိုရင် ပိတ်ထားရုံပဲ ဆိုတော့ အဆင်ပြေတယ်။
အဆင် မပြေတာက ကိုလှသောင်နဲ့ မခင်ဝင်းတို့ လင်မယား နှစ်ယောက်။ ရေပိုက်တွေ သွယ်ထားလိုက် တော့ သူတို့ အရင်ကလောက် ရေစည်မတွန်း ရတော့ဘူး။ ရေပိုက် မသွယ်တဲ့ အိမ်တွေလောက်သာ ရေစည် ပို့ရတော့တာ ဆိုတော့ သူတို့ လင်မယား အတွက် နေ့စား မကိုက်တော့ ဘူးပေါ့။

အရင်က တစ်နေကုန် ရေစည်တွန်း ရပေမဲ့လို့ ရေ ပိုက်တွေ သွယ်ပြီးတဲ့ နောက်ပိုင်း မနက်ခင်း တစ်ပိုင်းလောက် ရေစည်တွန်း ပြီးရင် ရေစည် ပို့စရာ အိမ်မရှိ တော့ဘူး။ ကျွန်မတို့ အိမ်ရှေ့က ရေတိုင်မှာလည်း အရင်ကလောက် လူမရှုပ် တော့ဘူး။ အရင်က ရေစည်တွန်းတဲ့ သူတွေ စုကျရင် အတန်းစီပြီး အလှည့်စောင့်ရ တာတွေ ရှိပေမဲ့လို့ အခု နောက်ပိုင်းကျတော့ အတန်း စီရတယ် ဆိုတာ မရှိတော့ဘူး။ စောင့်ရလည်း ခဏပါပဲ။ ကိုလှသောင်တို့ လင်မယားက ရေပိုက်သွယ်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်မတို့ကို သိပ်မကြည် ဘူးနဲ့ တူပါတယ်။ အရင်ကလောက် ကျွန်မတို့ကို ဟက်ဟက်ပက်ပက် မရှိချင်ဘူး။ ရေသာလာတွန်း နေတာ မျက်နှာထား တွေက ခပ်တည်တည်ရယ်။ တစ်နေ့ကျတော့ ပြဿနာ တက်ပါရောလား။

ကျွန်မရဲ့မတ် ထွန်းဆင့်က အရက်သမား။ တစ်နေကုန် မူးရူး နေတဲ့သူ။ အလုပ် အကိုင်ကလည်း ဘာမှ မည်မည်ရရ မရှိဘူး။ သူ့မိန်းမ ၀င်းဝင်းရဲ့ မနက်ပိုင်း ပဲပြုတ် ရောင်းတာလေးနဲ့ ခြစ်ကုတ် သုံးစွဲပြီး သူကတော့ စိတ်ပါပါမှ မြို့ထဲက ဆန်ပွဲရုံမှာ ကုန်တင် သလိုလို၊ ငရုတ်သီး ပွဲရုံမှာ ငရုတ်သီး ကတ္တားချိန် သလိုလို။ သူစိတ်ပါတဲ့ ရက်ကလည်း ရှားပါတယ်။ တစ်လ နေလို့မှ လေးငါးရက် လောက်ရယ်။

တစ်နေ့။
ကျွန်မသမီး ခရီးသွားလို့ ရေစည်မှတ်ဖို့ လူမ ရှိတာ နဲ့ ထွန်းဆင့်ကို ထောင့်ငါးရာ ပေးမယ်ဆိုပြီး ခေါ်ခိုင်းမိတယ်။ အရက် ပုလင်းလေး ဘေးချပြီး အရည်လေး မော့လိုက်၊ ရေစည်လေး မှတ်လိုက်နဲ့ မနက်ခင်း တစ်ပိုင်းတော့ ဟုတ်တုတ်တုတ်ရယ်။ ဘာပြဿနာမှ မရှိဘူး။ အဲ-နေ့လယ် တစ်နာရီ လောက်လည်း ရောက်ရော ပြဿနာ တက်ပါရောလား။

ဖြစ်တာကလည်း အခြားလူနဲ့ မဟုတ်ဘူး။ ကိုလှသောင်တို့ လင်မယား နဲ့။ ရေစည် အခေါက်ရေနဲ့ ပတ်သက်ပြီး ပြဿနာ ဖြစ်တာ။ ထွန်းဆင့် မှတ်ထားတဲ့ စာရင်းထဲမှာ ကိုလှသောင်တို့ တစ်မနက် ခင်းလုံး တွန်းတဲ့ ရေစည်က ဆယ့်ခြောက်ခေါက်။ ကိုလှသောင်တို့က ဆယ့်သုံးခေါက်လို့ ပြောတယ်။ ထွန်းဆင့်ကပဲ မူးပြီး အမှတ်မှား တာလား။ ကိုလှသောင် တို့ကပဲ ဉာဏ်များတာလား တစ်ခုခု ပေါ့လေ။ သူတို့ချင်း ငြင်းကြခုံကြ ရင်းကနေ ရန်ဖြစ် ပါရောလား။ ကျွန်မ ရောက်သွားတော့ ရန်ပွဲက တော်တော်အရှိန် တက်နေပြီ။

“ကိုလှသောင်တို့ မခင်ဝင်း တို့လည်း တော်တော့။ ထွန်းဆင့် နင်လည်းတော်တော့။ ဒီလောက် ပိုက်ဆံလေးနဲ့ ရပ်ကွက်ထဲ လူကြားလို့မှ မကောင်း။ ကဲ မခင်ဝင်းတို့ မှတ်ထားတာ ဆယ့်သုံးခေါက် မှတ်လား။ ဆယ့်သုံး ခေါက်ဖိုးပဲ ရှင်းခဲ့တော့။ ကွာနေတဲ့ သုံးခေါက်တော့ ထားလိုက်တော့”

ကျွန်မက ကြားဝင်ပြီး ဒါလေးပဲ ပြောမိတာ။ ဘာမှလည်း အလွန်ပါတာ မဟုတ်ဘူး။ ဒါကိုပဲ မခင်ဝင်းက သူတို့ကို နှိမ်ပါတယ် ဆိုပြီး ထဘီကို ခါးစောင်းတင်ပြီး ခုနစ်အိမ်ကြား၊ ရှစ်အိမ်ကြား အော်တော့တာပဲ။
“အမလေး၊ ခင်ဝင်းတို့ လင်မယား ရေစည်လှည်း တွန်းစားလာတာ အံတိုနေပြီ။ တစ်ခါမှ ဒီလို ပြဿနာ မဖြစ်ဖူးဘူး။ ခင်ဝင်းတို့က ပိုက်ဆံသာ မရှိတာ သိက္ခာကတော့ သူဌေးပါတော်။ ရေစည် သုံးခေါက်ဖိုး လောက်နဲ့ ခင်ဝင်းတို့ လျှာမြက်ပေါက် မသွားဘူး။ မပေးနိုင်လို့ မဟုတ်ဘူး။ လူလူချင်း ကြောတယ်ထင်လို့ ပြောနေတာ။ ဟောဒီမှာ ဆယ့်ခြောက်ခေါက်ဖိုး ယူထားလိုက်။ ပိုတဲ့ သုံးခေါက်ဖိုးက လှူတယ်လို့ မှတ်တယ်သိလား”

ပိုက်ဆံတွေကို ကျွန်မရှေ့ ပစ်ချခဲ့ပြီး ရေစည်ကို ၀ုန်းဒိုင်း ၀ုန်းဒိုင်းနဲ့ တွန်းထွက် သွားတာပဲ။ ပါးစပ်ကလည်း တစ်လမ်းလုံး အကျိုးယုတ် အနတ္တတွေ ဆဲရေးတိုင်းထွာ သွားတာစုံလို့။ ကျွန်မက ရပ်ကွက်ထဲက ကလေး တစ်ယောက်နဲ့ ပိုက်ဆံပြန်လိုက် ပေးခိုင်း ပါသေးတယ်။ ဒါပေမဲ့ မယူလိုက်ဘူး။ အဲဒီနောက် ကျွန်မတို့ ရေတိုင်ကိုလည်း ရေလာ မတွန်းတော့ဘူး။ ကတ္တရာ လမ်းမကြီးကို   ဖြတ်ကူးပြီး တောင်ဘက် ခြမ်းထဲက ကိုမော်တာတို့ ရေတိုင်ကိုပဲ သွားဝယ်တော့တယ်။ ကျွန်မနဲ့ လမ်းမှာ တွေ့ရင်လည်း မခေါ်တော့ဘူး။ မသိချင်ယောင် ဆောင်သွားတယ်။ ကျွန်မတို့ ရေတိုင်မှာလည်း ကိုယ့်အိမ် အတွက် ကိုယ်လာတွန်းတဲ့ လူတွေလောက်သာ ရှိတော့တယ်။ ကိုယ့်အိမ်အတွက် ကိုယ်တွန်းတဲ့ လူတွေက တစ်ဦး တစ်ဦးမှ နှစ်ခေါက်၊ သုံးခေါက်ပဲ တွန်းကြတာ ဆိုတော့ အရင်ကလို ရေစည် အခေါက်ရေကို တကူး တကကြီး မှတ်နေစရာ မလိုတော့ ဘူးပေါ့။

“အေးခိုင်ရေ မနေ့ညက ကိုသာခေါင်တို့ ကုန်စုံဆိုင် ရှေ့က ကြေးဘား တစ်လုံးနဲ့ ဦးလေး မြင့်အောင်တို့ အိမ်ထောင့် တမာပင် အောက်က ကြေးဘားတစ်လုံး လူခိုး ဖြုတ်သွားတယ်။ ဘယ်သူလဲတော့ မသိဘူး။ ဘားမရှိတော့ ရေတွေ ပေါက်ကျကုန်တာ လမ်းပေါ်မှာ အိုင်ထွန်း နေတာတပဲ”

ကိုထွန်းညွန့် စကား ကျွန်မ ရင်ဘတ် ဖိမိတယ်။ တစ်ခါမှ ဒီလို အခိုး မခံရ ဖူးဘူး။ ဘယ်လို လူကများ ဒီလို လုပ်ရတာလဲ မသိ။ သူများတကာ ပစ္စည်းကို မြင်မြင်တတ်တတ်။ ကြေးဘား နှစ်လုံးဆို တန်ကြေးက နည်းတာ မဟုတ်ဘူး။ အချိန်နဲ့ ရောင်းစားရင်ကို အခုကြေး ဈေးနဲ့ တော်တော်ရမှာ။

နှစ်ရက်၊ သုံးရက်လောက် ဘားတွေပျောက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး စိတ်ထဲမှာ တနုံ့နုံ့နဲ့ ဘယ်သူ့ကို စွပ်စွဲ ရမှန်းလည်း မသိဘူး။ ခိုးသွားတဲ့ လူကလည်း ပိရိတယ်။ ဘာလက်စ လက်နမှ မကျန်ခဲ့ဘူး။ ဒါပေမဲ့ တစ်နေ့ကျတာ့ မခင်ဝင်းနဲ့ ကျွန်မ မိန်းလမ်းမကြီး ပေါ်မှာ ပက်ပင်း တိုးပါရောလား။ ကျွန်မက တောင်ဘက်ခြမ်း ထဲက အကြွေး ရစရာ ရှိလို့ တောင်းပြန်လာတာ။ မခင်ဝင်း ကတော့ တောင်ဘက်ခြမ်းကို သွားမှာထင်တယ်။ ထားပါတော့။ ဒါက မထူးဆန်းဘူး။ ထူးဆန်းတာက မခင်ဝင်း လက်ထဲက ကြေးဘား နှစ်လုံး။

ကျွန်မ ရင်ထဲ ထိတ်ခနဲ တစ်ချက်ဆောင့်ခုန် သွားပြီး ခေါင်းထဲမှာ အချက်ပေး ခေါင်းလောင်းတွေ ထမြည်လာတယ်။ ပြဿနာ ဖြစ်ပြီး ကတည်းက ခပ်တန်းတန်းသာ နေခဲ့ ပေမဲ့လို့ အခုတော့ မနေ နိုင်တော့ဘူး။
“ငါ့ပစ္စည်း တွေများလား”ဆိုတဲ့ စိတ်က သံသယ တွေကို အလုံး အရင်းနဲ့ ဖြစ်ပေါ် လာစေတယ်။

“မခင်ဝင်း၊ ဘယ်သွား မလို့လဲ”

အပြုံး တစ်ခုနဲ့ နှုတ်ဆက်လိုက်တဲ့ ကျွန်မကို မခင်ဝင်းက ယောင်နနနဲ့ ကြည့်လာတယ်။ အံ့သြ သွားပုံလည်း ရပါတယ်။ နှုတ်ဆက်မယ် ထင်မထားလို့ ကြောင်သွားတဲ့ပုံ။ ကျွန်မကတော့ မူပျက် သွားတာလို့ပဲ တွေးမိတယ်။
“သြော် ဟို ဟိုဟာ တောင်ဘက်ခြမ်းထဲ သွားမလို့။ မနက်ခင်း တုန်းက ကျွန်မယောက်ျား မြို့ထဲက ဆန်ပွဲရုံမှာ ဆန်သွား တင်တာလေ။ အဲဒါ ကိုမော်တာက ကြေးဘားနှစ်လုံး လူကြုံမှာလို့ ၀ယ်လာခဲ့တာ၊ သွားပေးမလို့။ သွားဦးမယ်နော်”

ပြောပြီး ခပ်သွက်သွက်  ထွက်သွားတာ မြန်သလား မမေးနဲ့။ အခြား အရေးတကြီး ကိစ္စ ရှိလို့လား။ ဒါမှမဟုတ် ကျွန်မနဲ့ ကြာကြာ မျက်နှာချင်း မဆိုင် ရဲတာလား ဆိုတာတော့ သူသာ သိလိမ့်မယ်။ ကျွန်မ စိတ်ထဲမှာတော့ တယ် မသင်္ကာ လှဘူး။ အပြန်လမ်း တစ်လျှောက်လုံး မခင်ဝင်းရဲ့ ယောင်နန ပုံစံနဲ့ လက်ထဲက ကြေးဘား နှစ်လုံးကသာ မျက်လုံးထဲမှာ စွဲနေတယ်။ ပျောက်သွားတဲ့ ကြေးဘား နှစ်လုံးကလည်း မခင်ဝင်း လက်ထဲက ကြေးဘားတွေနဲ့ အရွယ်အစား အတူတူ ပါပဲ။

တပ်အပ် လက်ဆုပ် လက်ကိုင်နဲ့ မပြ နိုင်ပေမဲ့လို့ မခင်ဝင်းတို့လင်မယား အပေါ် မှာရှိတဲ့ ကျွန်မရဲ့သံသယက ပျောက်ကွယ် မသွားဘူး။ အဖြစ် နိုင်ဆုံးဟာ သူတို့လင် မယားပါပဲ။ သူတို့ကို မြင်တိုင်း သူတို့ အသံကြားတိုင်း ဒေါသထွက်တယ်။ ဘယ်လောက် ပြဿနာပဲ တက်ခဲ့တက်ခဲ့ ဒီလိုတော့ မလုပ်သင့် ဘူးလေ။

ဒီလိုနဲ့ နောက်သုံးလေးရက် လောက်ကြာတော့ ကြေးဘားနှစ်လုံး ထပ်ပြီး ဖြုတ်ခိုးခံရ ပါရောလား။ အဲဒီ သတင်းကို ကြားကြားချင်း ကျွန်မပြေး မြင်မိတာက မခင်ဝင်းတို့ လင်မယား ကိုပဲ။ သူတို့ပဲ ရှိမှာပါ။ ကျွန်မစိတ် ထဲမှာ အလိုလို သေချာနေတဲ့ သံသယ မီးတောက်ကို ကုန်စုံဆိုင် ပိုင်ရှင် ကိုသာခေါင်ရဲ့ သား ဖိုးပြည့်က လောင်စာ ထည့်ပေးတယ်။ ဖိုးပြည့်ကတော့ ဘာမှ သိတာမဟုတ် ပါဘူး။ အရိုးခံ အတိုင်းပဲ ပြောတာပါ။

“အန်တီ အေးခိုင်တို့ ကြေးဘား ပျောက်တဲ့ညက မန်ယူပွဲ ရှိတယ်လေ။ ဘောလုံးပွဲက နှစ်နာရီမှ ပြီးတာ။ ကျွန်တော်လမ်းထိပ် လက်ဖက်ရည် ဆိုင်က ဘောလုံးပွဲ ကြည့်ပြီး ပြန်လာတော့ ဦးကျော်သိန်းတို့ အိမ်နားမှာ ဦးလှသောင် နဲ့တောင် ကပ်ရှောင် ခဲ့သေးတယ်။ သူလည်း ဘောလုံးပွဲ သွားကြည့် မလို့တဲ့။ အဲဒီနေ့က နောက်ပွဲက အာကြီးပွဲလေ။ ကျွန်တော်က အိပ်ချင်လို့ ပြန်လာတာ။ အဲဒီ အချိန်ထိတော့ ကြေးဘားက မဖြုတ်သေးဘူး ထင်တယ်။ လမ်းပေါ်မှာ ရေကွက်တွေ၊ ဘာတွေ မရှိသေးဘူး”

အဲဒီညက ပျောက်သွားတဲ့ ကြေးဘား နှစ်လုံးထဲမှာ တစ်လုံးက ကိုကျော်သိန်းတို့ အိမ်ခေါင်းရင်း လမ်းကြားထဲ ကလေ။ ကိုလှသောင် လက်ချက်ပဲ နေမှာပေါ့။ ပထမတစ်ခါ လုပ်တာ အောင်မြင်တော့ နောက်တစ်ခါ လုပ်တာ ဆန်းလား။ စားနေကျ ကြောင်ပါးက လမ်းပေါက်နေတာ။ ကျွန်မ ယောက်ျားကတော့ မထင်ကောင်း ပါဘူးတဲ့။ ဒါထင်တာမှ မဟုတ်တာ။ ဒီလောက်သိသာ နေတာကြီး။ ဆင်တစ်ကောင်လုံး တွေ့နေတာ ဆင်ခြေရာ ရှာစရာကို မလိုဘူး။

လကုန်ရက် ရေမီတာတွေ ဖတ်ပြီး ရေဖိုး လိုက်တောင်းတော့ မခင်ဝင်း တို့နဲ့ တွေ့တယ်။။ ဘာမှ လုပ်မထားတဲ့ မျက်နှာပေး လေးနဲ့ “ကြေးဘားတွေ လူခိုးခံရ လို့ဆို”တဲ့။ ပုံစံကိုက သူဘာမှ မသိပါဘူး ဆိုတဲ့ ပုံစံမျိုး၊ ကျွန်မလည်း အမြင်ကတ်ကတ် ရှိတာနဲ့ အောင့်လုံးတွေ ထုတ်ပစ်လိုက်တယ်။

“ဟုတ်ပါ့တော် ဟုတ်ပါ့။ ဘယ်လို ကလေက၀ ငတ်ကြီးကျမှန်း မသိပါဘူး။ သူများ ပစ္စည်းကို မြင်ပဲ မြင်တတ်လွန်းတယ်။ အံဖတ်ဆို့ မယ်ဟာတွေ”

ကျွန်မလည်း တော်တော်များများ အကျိုးယုတ် အနတ္တတွေ ပြောပစ်လိုက်တယ်။ တည့်တည့် မပြောဘဲ ရွဲ့စောင်း ပြောရတာ ဆိုပေမဲ့ အရသာတော့  ရှိတယ်။ ရင်ထဲမှာလည်း တော်တော်လေးကို ပေါ့သွားတယ်။ မခင်ဝင်း ကတော့-
“အင်းနော်၊ ဘယ်လို လူကများ ဒီလိုလုပ်လည်း မသိဘူး”တဲ့။ ဟန်ဆောင်ကတော့ ကောင်းသလား မမေးနဲ့။ သူတို့ အကြောင်းတွေ ကျွန်မ သိနေတာ ခက်တယ်။

ထွန်းဆင့် ဆေးရုံတင်လိုက် ရတယ်တဲ့။ မြို့ထဲက ဆန်ပွဲရုံမှာ ကုန်တင်ပြီး အပြန် ဆိုင်ကယ် တိုးလို့တဲ့။ ကျွန်မ မြို့ထဲက ဆေးရုံကြီးကို ရောက်တော့ ထွန်းဆင့် သတိ မရသေးဘူး။ ခေါင်းမှာလည်း ပတ်တီး အဖွေးသားနဲ့။ ကတ္တရာ လမ်းနဲ့ ခေါင်းနဲ့ မိတ်ဆက်သွားတယ် ပြောတာပဲ။ ထွန်းဆင့် မိန်းမကလည်း မျက်ရည် အရွှဲသားနဲ့ တငိုငို၊ ထွန်းဆင့်က စက်ဘီးနဲ့ တစ်ဖက်က ဆိုင်ကယ်ဆိုတော့ ထွန်းဆင့်ပဲ အထိ နာတာပေါ့။ တစ်ဖက်လူ ကတော့ လက်ကျိုးသွားတယ်။

ထွန်းဆင့်က နှစ်ရက် သုံးရက်လောက် ဆေးရုံတင် ထားရမှာ ဆိုတော့ လိုအပ်တဲ့ ပစ္စည်း ပစ္စယတွေ ယူဖို့ အိမ်ပြန် လာခဲ့တယ်။ ထွန်းဆင့် မိန်းမကလည်း တငိုတည်း ငိုပြီး အပူမိ နေတာဆိုတော့ ဘာမှ မစီစဉ် တတ်ဘူး။ သတိ မရသေးတဲ့ သူ့ယောက်ျား ထွန်းဆင့် နားမှာပဲ စောင့်နေခဲ့တယ်။

ခြင်းတစ်ခုထဲ ရေနွေးဓာတ်ဘူး၊ ဖန်ခွက်၊ ဇွန်း၊ မုန့်ထုပ်၊ အိုဗာတင်းဘူး စတဲ့ လိုအပ်မယ့် တိုလီမုတ်စ ပစ္စည်းလေးတွေ စုထည့်ပြီးတော့ ထွန်းဆင့်နဲ့ သူ့မိန်းမ အတွက် အ၀တ်အစား နှစ်စုံစီလောက် ထည့်ခဲ့ဖို့ သတိရတယ်။ အဲဒါနဲ့ ထွန်းဆင့်တို့ အိမ်ပြေးရ ပြန်ရော။ အိမ်က သော့ခတ်ထားတယ်။ ဒါပေမဲ့ ထွန်းဆင့်တို့ သော့ထား နေကျနေရာ ကျွန်မ သိနေတော့ ဖွင့်ဝင်လိုက်တယ်။ အနောက်ခန်းထဲ ၀င်ပြီး သံသေတ္တာ ထဲက အင်္ကျီ နှစ်စုံလောက် ထုတ်ပြီး အိတ်တစ်ခု ထဲထည့်တယ်။ ပြီးတော့ စောင်သုံးထည် လောက်လည်း ယူသွားဖို့ သူတို့ အိပ်ရာပေါ်က စောင်တွေကို ကြည့်တော့ စောင်တွေက အပေတွေ။ အနံ့တွေ ကလည်း မကောင်းတော့ဘူး။ အဲဒါနဲ့ ဧည့်သည်လာမှ ထုတ်ပေးလေ့ ရှိတဲ့ သူတို့စောင် သေတ္တာကို ဖွင့်ပြီး သိမ်းထားတဲ့ စောင်တွေကို ထုတ်ရတယ်။ ပြီးမှ စောင်သေတ္တာကို ပြန်ပိတ်မယ် အလုပ်....

“ဟင်”
ကျွန်မ ခန္ဓာကိုယ်မှာ ရှိတဲ့ အကြောတွေ အားလုံး တောင့်တင်း သွားသလို ခံစား လိုက်ရတယ်။ စောင်တွေရဲ့ အောက်ဆုံးမှာ ထည့်ထားတဲ့ ကြေးဘားနှစ်လုံး။ ဘာလဲ ဘာလဲ ဆိုတဲ့ မေးခွန်းပေါင်း များစွာက ခေါင်းထဲမှာ အုံနဲ့ကျင်းနဲ့ ထွက်ပေါ်လာတယ်။
ဘာတွေ ဘယ်လိုဖြစ် သွားသလဲတော့ မပြောတတ်ဘူး။ မြို့ထဲ ဆေးရုံကို သွားဖို့ လိုင်းကားပေါ် ရောက်မှ ကျွန်မအိမ်မှာ ထည့်ထားတဲ့ ရေနွေးဓာတ်ဘူး ခြင်းတောင်း ယူမလာ ခဲ့မိတာ သတိရတယ်။ ကားပေါ်က ပြန်ဆင်းပြီး အိမ်ကို ပြန်လာတဲ့ လမ်းတစ်လျှောက် အတွေးတွေက ရှုပ်ယှက်ခတ် နေတယ်။ မျက်လုံး ထဲမှာလည်း ဘာကိုမှ မမြင်တော့ဘဲ ကိုလှသောင်တို့ လင်မယား နှစ်ယောက်ရဲ့  မျက်နှာတွေ ကိုသာ တစ်လှည့်စီ မြင်ယောင်နေမိ တော့တယ်။ ခြေလှမ်းတွေ ကလည်း ပေါ့ ရွှတ်ရွှတ် နိုင်လွန်းတယ်။


သမိုင်းကိုကို
(ရွှေအမြုတေ မဂ္ဂဇင်း၊ ဖေဖေါ်ဝါရီလ ၂၀၁၂)

0 comments:

Post a Comment