Friday 3 February 2012

ကျုပ်ရဲ့တစ်ကိုယ်တော် ပြပွဲဟာ ကျုပ်ကျောပေါ်မှာလူတွေနဲ့

ကျုပ်က ရှေးဟောင်း သစ်သားတံတား အိုကြီးပါ။ ကျုပ်အသက် ဘယ်လောက်လို့ ခင်ဗျားတို့ ထင်သလဲ။ ပြန်တွေးကြည့်ဗျာ။ ဆိုကြည့်ဗျာ။ ဒီလိုလေ။
“အင်းက အော်အာ ဆောက်လုပ်ခါ”တဲ့။
“အင်းက အော်ညည်း ဆောက်လုပ်ပြီး”တဲ့။

သက္ကရာဇ် ၁၂၁၁မှာ ဆောက်လုပ်ခဲ့တယ်။
သက္ကရာဇ် ၁၂၁၃ (၁၈၅၁) မှာ ဆောက်လုပ်ပြီး တာပေါ့။ ကျုပ်အသက်က ၁၆၀ ထဲမှာပေါ့။ ကျုပ်က တကယ် ထူးဆန်းတဲ့ အဘိုးအိုပေါ့။ ကျုပ်ကျောပေါ်မှာ ကျုပ်တို့ မြန်မာပြည်သူ ပြည်သားများစွာ များစွာ ဖြတ်လျှောက် နေကြတယ်။ ကျုပ်ကျောပေါ်မှာ ကမ္ဘာသူ ကမ္ဘာသား များစွာလည်း နေ့စဉ် ဖြတ်လျှောက် နေကြတယ်။ သူတို့ကတော့ ကမ္ဘာ့ဂန္ထ၀င် ရှေးဟောင်း တံတားကြီးပေါ် အရသာ ရှိရှိ ဖြတ်လျှောက်ရင်း အာကာသ ဟင်းလင်းပြင်နဲ့ လေပြည် လေညင်းကို တရှိုက်မက်မက် ရှူရှိုက်ကြတာ။ အဲသည် လေညင်းလေးဟာ ကျုပ်မိတ်ဆွေပေါ့။
ကျုပ်မှာ နာမည်ရှိတယ်။    ခင်ဗျား နာမည်ကို ကမ္ဘာက မသိချင်နေမယ်။


ကျုပ်နာမည် ကိုတော့ ကမ္ဘာက သိတယ်။
ကျုပ်နာမည်က “ဦးပိန်တံတား”။ တောင်သမန်အင်းကို ဖြတ်ကူးပြီး တောင်သမန် ရွာနဲ့ သေခြင်းကင်းတဲ့ မြို့ကို ဆက်သွယ်ထားလို့ “တောင်သမန် တံတား”လို့လည်း ခေါ်ကြတယ်။ ကျုပ်ရဲ့ ဇာတိ ဇာစ်မြစ်ကို ခင်ဗျား သိရဲ့လား။ ကျုပ်က အညတြက၊ သာမန် ဘ၀က ဆင်းသက်လာတဲ့ အနုညာတကောင် မဟုတ်ဘူး။ ကျုပ်က အင်းဝရွှေ နန်းတော် ဟောင်းကနေ တံတား ဖြစ်လာတဲ့ကောင်။ ရွှေနန်းတော် တစ်ဖြစ်လဲ သစ်သား တံတားကြီးပေါ့။ ကျုပ်ကို တည်ဆောက်ခဲ့ သူက အမရပူရ မြို့ဝန် ဘိုင်ဆပ်ရဲ့တပည့်ရင်း မြို့စာရေး မောင်ပိန်တဲ့။ ပုဂံမင်း လက်ထက်မှာ ကျုပ်ကို တည်ဆောက်ခဲ့တာ။ ကျုပ်ကို တည်ဆောက် ခဲ့သူဟာ စောစော သေခဲ့ရတယ်။ ကျုပ်ကတော့ အသက် ၁၆၀ ရတဲ့ အထိ ကျုပ်အပေါ် ခေတ်ပေါ် ကောင်မလေးတွေ ဒေါက်ဖိနပ်နဲ့ ဖြတ်လျှောက်ရင် “ဒေါင်ဒေါင်” ကိုမြည်လို့။

ဘာပဲဖြစ်ဖြစ် မြို့ဝန် ဘိုင်ဆပ်နဲ့ ဦးပိန်ကြောင့်သာ ကျုပ်ဖြစ်တည် လာခဲ့တာပဲ။ ကျုပ်သူတို့ နှစ်ယောက်ကို ကျေးဇူးတင်တယ်။ သူတို့က မူဆလင် ဘာသာဝင်တွေ ဖြစ်ပေမယ့် ဘုန်းကြီးကျောင်း ထွက်တွေဗျ။ သူတို့ဟာ မင်းကျွမ်းဝင်သူ တွေမို့သာ ကျုပ်ကို တည်ဆောက်ဖို့ ပုဂံမင်းကို လျှောက်တင်ရဲတာ။ ပုဂံမင်းကိုလည်း ကျုပ်ကျေးဇူး တင်တာပဲ။ ပုဂံမင်း ခွင့်ပြုချက်နဲ့ ကျုပ်ဖြစ်တည်ခွင့် ရတာ။

တကယ်တော့ ကျုပ်အသက် ရှင်တာဘာလဲ။ ဘာအတွက်လဲ။ နေထဲ၊ မိုးထဲနှင်းထဲ၊ လေထဲ၊ ရေထဲ၊ ကျုပ်အမြဲ ကျောခင်း ပေးထားတာ ဘာအတွက်လဲ။
ကျုပ် အဘိ ဓမ္မာက ရှင်းပါတယ်။
ကျုပ်က လူတွေအတွက် အသက် ရှင်နေတာ။ လူအများ အကျိုး သယ်ပိုးဖို့ ကျုပ်အသက်ရှင် နေတာ။
ကျုပ်ကျောပေါ်မှာ ခေါင်းရွက်ဗျပ်ထိုး ဈေးသည်လေးတွေ နင်းလျှောက်သွားတယ်။ ရတနာပုံ တက္ကသိုလ်ကြီး ပေါ်လာတော့ တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသားတွေ ကျုပ်ကျောပေါ်က ကျုပ်ရဲ့ တစ်ကိုယ်တော် ပြပွဲဟာ ကျုပ်ကျောပေါ်မှာ လူတွေနဲ့။ ကျုပ်ဟာ လှပလို့။ နင်းဖြတ်သွားတယ်။ နွားနို့ပို့သူ၊ ထန်းရည်ရောင်းတဲ့ ထန်းတောသူ၊ ခရမ်းချဉ်သီး ရောင်းတဲ့ မိန်းကလေး၊ မီးရထား စက်ရုံ အလုပ်သမား၊ ငါးဖမ်းသမား၊ ပေါင်ဖြူဖြူ ဥရောပသူ လေးတွေ၊ ရက်ကန်း သမလေးတွေ၊ ရုပ်ရှင် မင်းသမီးများ၊ ဓာတ်ပုံ ဆရာများ၊ ပန်းချီ ဆရာများ၊ အားလုံး ကျုပ်ကျောပေါ်က နင်းဖြတ် သွားကြတယ်။ ကျုပ်ကျောပေါ်က ဖြတ်ပြီး လိုရာ ခရီးဆီ အရောက်သွား နေကြတာ ကျုပ်ကျေနပ်တယ်။

လူသားတွေ သွားလာဖို့ နှစ်ပေါင်းများစွာ ကျောခင်းပေးတဲ့ ကျုပ်ကို ဘယ်သူတွေက ထောက်ကူထားတယ် မှတ်သလဲ။
ကျွန်းတိုင်ကြီးတွေ ပေါ့ဗျာ။
ဟိုတစ်ခါက နန်းတော် တိုင်ကြီး တွေပေါ့ဗျာ။
အဆိုရှိတယ်။
“န၀ အဋ္ဌ ဇယ မောင်ပိန်”တဲ့။
၉ ၈ ၄ တိုင် ကျုပ်မှာ ပိုင်ဆိုင်တယ်။

ဒုတိယ ကမ္ဘာစစ်ကြီး ပြီးစနှစ်က ရေတွေအလွန် ကြီးခဲ့ဖူးတယ်။ ကျုပ်လည်းရေမြုပ် သွားတာပေါ့။ လှိုင်းဒဏ်ကြောင့် တိုင်တွေလည်း ပြုတ်ထွက်မျောပါ ကုန်တာပေါ့။ ကျုပ်ကျောပေါ်မှာ စုတ်ပြတ် ဖွာရရာ ကြဲသွားတယ်။ ကျုပ်ကို ပြန်လည် ဆေးဝါး ကုသ ပေးတာဟာ တောင်သမန် ရွာသား အမတ် ဦးဘသီနဲ့ သူ့အဖွဲ့တွေပေါ့။ ၁၃၃၅ (၁၉၇၃) မှာ ရေတွေ အဆမတန် ကြီးပြန်ပေါ့။ လှိုင်းဒဏ်ကြောင့် ကျုပ်တစ်ကိုယ်လုံး နီးပါး ပြုတ်ထွက်လွင့်စဉ် မျောပါရ ပြန်ပေါ့။ အဲဒီတုန်း ကတော့ မဟာ ဂန္ဓာရုံ ဆရာတော် ကြီးနဲ့ သံဃာတော် များစွာရယ်၊ မြို့နယ် အုပ်ချုပ်သူ တို့ရယ် ပူးပေါင်းပြီး ကျုပ်ကို ပြန်လည်မွမ်းမံ ပြင်ဆင် ပေးခဲ့ကြတယ်။ ဖာလိုက်ထေးလိုက် ပြုလိုက်ပြင်လိုက် ဖြည့်လိုက် စွက်လိုက်နဲ့ ကျုပ်အသက် ရှင်ခဲ့တယ်။ လူသားတွေကို ဆက်လက် အကျိုးပြု နေတယ်။ ကျုပ်ရဲ့ တစ်ကိုယ်တော် ပြပွဲဟာ ကျုပ်ကျောပေါ်မှာ လူတွေနဲ့။ ကျုပ်ဟာ လှပလို့။

ဟိုးခေတ်တုန်းက ကျုပ်မှာ “ဖောင်ကြောင်း” ကိုးခုရှိတယ်။ ဖောင်ကြောင်းဆိုတဲ့ သဘောက လွယ်လွယ်ကူကူ ဖြုတ်နိုင် တင်နိုင်တယ်။ ပြည်ကြီးမွန်လို ဘုရင့် ဖောင်ကြီးတွေ ဖြတ်သန်းဖူးတယ်။ ဘုရင့်စစ်မက် လှေကြီးတွေ ဖြတ်သန်းဖူးတယ်။ သူတို့ဖြတ်ရင် ဖောင်ကြောင်း အခင်းကို ဖြုတ်ရတယ်။ ပြီးမှ ပြန်တင်ရတယ်။ ဖောင်ကြောင်းတွေ ရှိတုန်းကတော့ ကျုပ်အပေါ်မှာ စက်ဘီးတွေ မနင်း ဖြတ်ကြဘူး။ အခုတော့ ကျုပ်ကျောပေါ် စက်ဘီးတွေ တရကြမ်း စီးနင်းကြတယ်။ သက်ဆိုင်ရာက စက်ဘီး မစီးရ၊ တွန်းရမယ် ဆိုလည်း လစ်ရင် လစ်သလို စီးနင်းကြတယ်။ ရှေးလူတွေလို မဟုတ်ဘူး။ အခု လူတွေက အရမ်း မြန်ချင်ကြတယ်။

ကျုပ်ကျောပေါ် အလျင်စလို ဖြတ်သန်းရင်း ကံခေပြီး စက်ဘီးရော၊ လူရော အောက်ကျသွားတဲ့ လူနည်းမှ မနည်းတာ။ ဟိုတုန်းကတော့ နာမည် ပေးထားတယ်။ ငဘို ဆိုတဲ့လူ စက်ဘီးနဲ့ လိမ့်ကျသေတဲ့ ကွေ့ကို “ငဘိုကွေ့” တဲ့။ အုန်းလှိုင် ဆိုတဲ့လူ စက်ဘီးနဲ့ လိမ့်ကျ သေတဲ့ကွေ့ကို “အုန်းလှိုင်ကွေ့”တဲ့။

အခုတော့ စက်ဘီးနဲ့ အတူ အောက်ကျပြီး သေတဲ့  မသာတွေ များလွန်းလှပြီ။ နာမည်တွေ မပေး ကြတော့ဘူး။ အမရပူရ သိမ်ကြီးဈေးဆီ နှင်းဆီပန်း အနီရောင်းဖို့ သွားတဲ့ မိန်းကလေးလည်း လင်းအားကြီးမှာ စက်ဘီးနဲ့ ကျသေဖူးတယ်။ နှင်းဆီနီ တွေကတော့ ပြန့်ကြဲလို့ပေါ့။ ဆေးမှူးကြီး တစ်ဦးလည်း ဆေးဘူးတွေနဲ့ အတူ စက်ဘီးနဲ့ အောက်ကို ထိုးကျရာက သေသွားတယ်။ သားအမိ နှစ်ယောက် စက်ဘီးနဲ့ အောက်ကို ထိုးကျရာမှာ ကျုပ်အပေါ် ရောင်းတဲ့ ဈေးသည်က ကလေးကို ဇောက်ထိုးဆွဲ လိုက်နိုင်တယ်။ အမေဖြစ်သူ ကတော့ အောက်ကျပြီး အသည်း ဟက်တက်ကွဲပြီး  ပွဲချင်းပြီး သေဖူးတယ်။ ပန်းချီကား ထိုင်ရောင်းတဲ့ မိန်းမကတော့ ကျုပ်ရဲ့ သစ်သားကြမ်းခင်း အစွန်းကနေ အပေါ့သွားရင်း အောက်ကျပြီး သေဖူးတယ်။ ကျုပ်ကတော့ ကျုပ်အပေါ် ကနေ အပေါ့သွားလည်း ဘာမှ မပြောသာ ပါဘူး။ သူ့ ဘာသာသူ မထိန်းနိုင်ဘဲ လိမ့်ကျ သေခဲ့တာ။ ကောင်မလေး တစ်ယောက်ကတော့ ရည်းစားနဲ့ ကျုပ်အပေါ် လာချိန်းတွေ့ရင်း အောက်က ရေတိမ်တိမ်ထဲ ထိုးကျ သွားခဲ့တာ။ မသေဘူး။ ပေါင်ကျိုးသွားတယ်။ ကျုပ်ကျောပေါ်မှာ နေပြီးကျုပ်ကို မထီမဲ့မြင် ပြုကြသူတွေ အများကြီး ပဲဗျာ။ အရက်မူး သမားတွေ စက်ဘီးစီးရင်း ကျုပ်အပေါ်က ထိုးကျ သေခဲ့တာတော့ အတော်ကို များနေပြီ။ ကျုပ်ကျောပေါ်က ပြုတ်ကျ သေသူများကို စာရင်းပြုစု ထားသင့်တယ် ထင်တယ်။ ကျုပ်ရဲ့ ပယောဂ မပါကြောင်း မှတ်ချက် ရေးသင့်တယ်။

အရှေ့ဘက် ရွာက တောင်သမန် ဘိုးဘိုးကြီး နတ်ပွဲ ကာလမှာ ကျုပ်ကျောပေါ် ကန်တော့ပွဲတွေ ခေါင်းပေါ်ရွက်ပြီး ဖြတ်သန်းကြတယ်။ အဲဒီအခါ ကျုပ်ကြည်နူးတယ်။ ၀ါဆိုလပြည့် ပွဲတော်၊ ၀ါခေါင် လပြည့်ကျော် ရတနာ့ဂူ ပွဲတော်အခါ၊ သင်္ကြန်ပွဲတော် အခါသမယ တွေမှာ မန္တလေးက လူတွေ အပြည့်အသိပ် ကျုပ်ကျောပေါ် မဆံ့အင်တန် နင်းဖြတ်ကြတယ်။ ကျုပ်ကျောပေါ်မှာ လူတွေ တိုးဝှေ့ နေကြတယ်။ ကျုပ်ကျောက အဲလိုအခါ အရမ်း နာကျင်ရတယ်။ ပွဲပြီးသွားလည်း ကျုပ်ကျောဟာ နာကျင် ကျန်ရစ်တယ်။ ပွဲအခါမှာ ကျုပ်ကျောပေါ် လူတွေ များလွန်းပြီး ကျုပ်ကျိုးကျ ရတဲ့အခါ တွေလည်း ရှိခဲ့ဖူးတယ်။

ကျုပ်ရဲ့ ပတ်ဝန်းကျင် ရှုခင်းဟာ အရမ်းဆန်းကြယ် လှပတာကို ကမ္ဘာက ချီးမွမ်းကြတယ်။ ကျုပ်ရဲ့ဓာတ်ပုံ တွေဟာ ကမ္ဘာ့စာစောင်တွေမှာ ဖော်ပြ ခံရတယ်။ ကျုပ်ပတ်ဝန်းကျင် တောင်သမန် ရှုခင်းဟာ အခုမှ လှတာ မဟုတ်ဘူး။ ရှေးခေတ် ကတည်းက တအား လှလာခဲ့တာ။ ကျုပ် ပတ်ဝန်းကျင်ဟာ နွေဆိုနွေနဲ့ တူတာ၊ မိုးဆို မိုးနဲ့တူပြီး ရေတွေပြည့်လျှံ နေတာ၊ ဆောင်းတွင်းဆို ကျုပ်ဝန်းကျင်မှာ နှင်းတွေဝေဆိုင်း နေတာ ကျုပ်သိပ်ကြိုက်တယ်။ ကျုပ်အောက်က တောင်သမန် အင်းဟာ တောင်သမန်အင်း ပီသတာပဲ ကျုပ်ကြိုက်တာပေါ့။ နွေအခါ ရေမရှိလည်း ပဲပင်၊ ပြောင်းပင် စိုက်နိုင်တာပေါ့။ လူတွေသီးနှံ စားကြ ရတာပေါ့။ ကျုပ်မှာလည်း ပြောင်းပင်၊ ပဲပင်၊ နှမ်းပင်တွေရဲ့ စိမ်းစိုမှုကို ကြည့်ပြီး မျက်လုံး အေးရတာပေါ့။ ကျုပ်အောက်မှာ ရေတွေအမြဲ ၀ပ်ပြီး မည်စည်(မင်ဇယ်)ပင်ကြီး နှစ်ပင် သေဆုံးသွားကာ သစ်ခြောက် ပင်ကြီးတွေဖြစ် သွားရတာတော့ ကျုပ်မှာ ကြေကွဲမိတယ်။ နွေအခါ မြေပြင်ပေါ် မြက်ပင်စိမ်းစိမ်း မြင်ချင်မိတယ်။

ကျုပ်နံဘေးမှာ ကပ်ရက် ကျည်းပင်လေး တစ်ပင်ကတော့ အမြဲစိမ်းစို နေတာပဲ။ ကျည်းပင်လေး ကတော့ ရေထဲမှာ ကြာရှည် နေရလည်း အသက်ပြင်းတော့ မသေဘူးပေါ့။ ဟိုတုန်းက ကျည်းပင် လေးရဲ့ အောက်ကျုပ်ရဲ့ကျော အစွန်းပေါ်မှာ ခုံတန်းလျား လေးရှိတယ်။ အဲဒီခုံတန်း လျားလေးပေါ်မှာ ညညဆို သီချင်းဆိုကြ၊ မယ်ဒလင် တီးကြ၊ ဂစ်တာ တီးခဲ့ကြတဲ့ သူတွေ နည်းတာမှ မဟုတ်တာ။ အခုတော့ ခုံတန်းလျား လေးဟာ ကျိုးပျက် နေပါပြီ။

လူတွေက ညညမှာ ကျုပ်ကျောပေါ် ထိုင်ရင်း၊ လမ်းလျှောက်ရင်း တောသီချင်း၊ မြို့သီချင်းတွေ ဆိုကြလွန်းလို့ ကျုပ်ဖြင့် သီချင်းတော်တော် များများလည်း အလွတ်ရ နေပါပြီ။ ညဥ့်သန်းခေါင် ကျော်လို့ ကျုပ်ကျောပေါ်က လူတွေ ပြန်သွားရင် လမင်းအောက်မှာ ကျုပ်က တစ်ကိုယ်တော် သီချင်း သီဆို တော့တာပဲ။ ကျုပ်ရဲ့ သီချင်းကို တောင်သမန် အင်းကကြားတယ်။ လေညင်းလေးက ကြားတယ်။ မည်စည်ပင်ကြီး တွေကကြားတယ်။ ကျည်းပင်လေးက ကြားတယ်။ လူတွေကတော့ သန်းခေါင်ကျော်တော့ ကျုပ်ဆီက ပြန်ကြပြီပေါ့။

ကျုပ်ကတော့ လမင်းအောက်မှာ တောကျေးလက် သီချင်း တဟိုဟို သီဆိုလို့ပေါ့။ လက ကျုပ်ကိုယ်ပေါ်မှာ ရွှေရောင် လိမ်းခြယ် ပေးထားတယ်။ ကျုပ်က ရွှေရောင် တံတားအို။
ဟိုးတုန်းကတော့ ဆောင်းဦးပေါက် ရာသီရောက်ပြီ ဆိုရင် မြန်မာ တစ်ပြည်လုံးက လူငယ်ကဗျာ ဆရာတွေ ကျုပ်ကျောပေါ်မှာ ကဗျာတွေ ရွတ်ဆိုကြတယ်။ တစ်နှစ်မှာ နှစ်ရက်လောက်ပေါ့။ လူငယ် ကဗျာဆရာ လေးတွေဟာ တစ်ယောက် တစ်လှည့်စီ ကဗျာ ရွတ်ပြတာ။ ကိုယ့်ကဗျာ ကိုယ်ရွတ်ဆိုတာ ရှိတယ်။ သူများ ကဗျာကို သံနေ သံထားနဲ့ ရွတ်ဆိုကြတာ လည်းရှိတာ။ သူတို့တွေ အလေး အမြတ်ထား ရွတ်ဆိုကြတဲ့ ကဗျာ ဆရာက မောင်ချောနွယ်တဲ့။ မောင် ချောနွယ်က သေသွားပြီတဲ့။ လူငယ်တွေ ကတော့ ကျုပ်ကျောပေါ်မှာ သူ့ကဗျာ တွေကို အများကြီး ရွတ်ဆို ခဲ့ကြဖူးတယ်။ သူတို့ရွတ်တဲ့ ကဗျာ တွေထဲက ကျုပ်ဘ၀နဲ့ တိုက်ဆိုင် သလိုရှိတဲ့ ကဗျာစာသား လေးတော့ ကျုပ်အလွတ်ရ နေရစ်ရဲ့။ အပိုင်း အစလေးပဲ ကျုပ်ရတာပါ။

“ကမ္ဘာပေါ်မှာ ဒဏ်ရာရ သစ်ပင်လောက် လှတာ ဒဏ်ရာရ သစ်ပင်ပဲရ"
သြော်
ဒါကြောင့် သူက အရိပ်တွေ ခြွေပေး နိုင်တာကိုး”တဲ့။
ဒဏ်ရာရ သစ်ပင်ဟာ လှပစွာနဲ့ အရိပ်တွေ ခြွေပေးခဲ့တယ်။ အရိပ်တွေ ခြွေတာကိုက လှပနေတယ်။ ကျုပ်လည်း ဒဏ်ရာ ရနေတဲ့ ရှေးဟောင်း သစ်သား တံတားအို ကြီးပါ။ ဒဏ်ရာ ဗရပွနဲ့ ကျုပ်ကျောကို လူတွေ နင်းဖြတ်ဖို့ ခင်းပေး ထားရက်ပါ။ ကမ္ဘာကြီး ကတော့ ရှေးဟောင်းတန်ဖိုး တစ်ခုအဖြစ်၊ သစ်သားတံတား အိုကြီးအဖြစ် အထူးအဆန်း နမ်းရှိုက်ကြရဲ့။ လူအချို့ရဲ့ ခြေထောက်တွေနဲ့ စက်ဘီးတာယာ တွေကတော့ ကျုပ်ကို အသက် ရှိတယ်လို့ မထင်ဘဲ ဒုန်းဒုန်းဒိုင်းဒိုင်း ရက်ရက်စက်စက် ကျုပ်ကျောပေါ် နင်းဖြတ် လျက်ပါပဲ။ ကျုပ်ဟာ လူသားတွေ ဖြတ်သန်းဖို့ ကျောခင်း ပေးထားတဲ့ ဒဏ်ရာရ သစ်သား တံတား အိုကြီးပါ။ ကျုပ်ကျောပေါ်မှာ လူတွေနဲ့ပါ။ လှပလို့။
မောင်ကိုကို၊အမရပူရ၊
(ရွှေအမြုတေ မဂ္ဂဇင်း၊ဇန်န၀ါရီလ ၂၀၁၂)

0 comments:

Post a Comment