Wednesday 15 February 2012

တောမင်းသမီး

(ယခင်လမှ အဆက်...)
၂။
ကလေးကို သိမ်းပွေ့ရင်း ကိုသာညို့ လှည်းဆီကို မိုးရေထဲကပဲ ဒရောသောပါး လှမ်းလာခဲ့သော ခြေထောက်တွေက မြေကြီးနှင့်ပင် လွတ်ချင်ချင်။
မဗိုင်းတောင့် ရင်တွေ ခုန်လှချည့်ကော။ ရွှေငါးဆယ်သားထုပ် တစ်ထုပ် ကောက်ရသည် ဆိုလျှင်ပင် သည်လောက် ရင်ခုန်စရာ အကြောင်းမရှိ။ ခုတော့ လူသား ကလေးငယ တစ်ယောက်ကို မထင်မှတ်သည့် အချိန်၊ မထင်မှတ် သည့်နေရာက ကောက်ရခဲ့ပြီ မဟုတ်လား။ ဘယ်သူ့ ကလေးလဲ။ ဘာကိစ္စ လက်ပံပင်နောက် အမှောင်ထဲက ပါးပျဉ်း အဟိုက်တွေထဲ ရောက်နေရတာလဲ။ ကလေး မအေခမျာ ကလေး ခဏချထားခဲ့ပြီး တပိုတပါး သွားနေသလား တွေးမိလို့ ခဏပင် စောင့်နေခဲ့သေးသည်။


ကလေး မအေများ ရှိနေမလား တစ်ခွန်းနှစ်ခွန်း အော်ကြည့်ခဲ့သေးသည်။ မရှိ။ ပြန်ထူးသံလည်း မကြားရ။ သည်လောက်မိုးတွေ ဖြောင်းဖြောင်း ပြေးရွာနေတာတောင် ကလေးဆီ အရောက် မလာပုံထောက်တော့ သည်ကလေးကို တစ်ယောက်ယောက်က စွန့်ပစ်ခဲ့တာ ဖြစ်နိုင်သည်။ ဖြစ်နိုင်တာကတော့ မအေရင်း ကိုယ်တိုင်ပင်။ ကိုယ့်ရင်နှင့် လွယ်မွေးခဲ့ရသည့် ကလေးကို ဘယ်လိုကြောင့်များ ရက်ရက်စက်စက် စွန့်ပစ်ခဲ့တာပါလိမ့်။ တော်ရုံ မိခင်စိတ်နှင့်ပင် မတွေးရဲ မတွေးရက်စရာ ကိစ္စဆိုတော့ မဗိုင်းတောင့်ပင် ကြားက ရင်တွေ နာလိုက်တာ။ ဘာပဲဖြစ်ဖြစ် ကိုသံမှိုနှင့် ပေါင်းခဲ့သည့် ဆယ်နှစ်တာ ကာလ အတောအတွင်း သားသမီးရယ်လို့ မပေါ်ပေါက်ရသူ အဖို့ရာ လက်ပံပင်စောင့် နတ်က မွေးပြီးသား ကလေးတစ်ယောက် ရော့ဟဲ့၊ အင့်ဟဲ့ ပေးလိုက်သလို ရှိခဲ့ရတော့ ၀မ်းသာလိုက်တာ မပြောပါနှင့်တော့။

ကလေးကို ကောက်ပွေ့လိုက်ပြီဆိုကတည်းက မဗိုင်းတောင့် ကလေး တစ်ကိုယ်လုံးကို လက်ရောက် စမ်းမိခဲ့သည်။ မိန်းကလေး။ မိုးရေတွေက အငြိုးနှင့် ရွာနေသလို တဝေါဝေါ မြည်ဟည်းလျက် ရှိ၏။ ပွဲခင်း တစ်ခုလုံးကလည်း အော်သံ၊ ဆူသံ၊ ခေါ်သံ၊ ထူးသံတွေ ညံလှပါ၏။ လှည်းတွေက ကိုယ့်နွား ကိုယ်ကောက်ကြပြီး ပွဲခင်းထဲက ထွက်ဖို့ပြင်ကြပြီ။ ခက်တာက ပွဲခင်းထဲက စိတ်ရှိတိုင်း မထွက်နိုင်ကြခြင်းပင်။ ပွဲခင်းထဲတွင် လူတွေကို အမှုန့်ထောင်း ထည့်ထားသလို ပိတ် ပိတ်ညပ်နေကြတာ ဆိုတော့ လူတွေ ပွဲခင်းထဲမှာ မရှိတော့မှ လှည်းတွေ ထွက်နိုင်ကြလိမ့်မည်။ လူတွေက လုံးကြီးခဲရ မဆံ့ရင် ကန်တိုးကြ ထွက်ကြရင်း မိုးရေတွေထဲမှာ စိမ်ပြေနပြေ မိုးရေချိုး နေကြသလို ရှိလေ၏။ အသံချဲ့စက်ကလည်း သိမ်းရပြီ။ မီးစက်ကလည်း ငြိမ်းရပြီ။ ဇာတ်စင်ကလည်း မိုးနှင့်လေ တရစပ် ပက်နေလေတော့ ငုတ်တုတ် လည်စင်း ခံနေရုံသာ။ စောစောက ငိုချင်း ချခဲ့သော မင်းသမီးကရော။ လက်ပံပင် အိုကြီးအောက်မှာ ကလေးပွေ့ရင်း မဗိုင်းတောင့်ပင် ငူငှက်လို ခဏကလေး သတိလက်လွတ်

“မိုးမင်းရယ်...နှစ်နာရီ သုံးနာရီလောက်များ နောက်ဆုတ်ရွာတော့ ဘာဖြစ်မှာမို့တုံး...ရက်စက်ချက်တော့တော်” 

မဗိုင်းတောင့်လည်း ကြာကြာ မနေသာပါ။ လက်ပံပင် ခြေက သုတ်ခနဲ ထွက်လာခဲ့သည်။ ကိုသာညို့ လှည်းက စောင့်နေရော့မည်။ ထင်းတစ်ပွေ့ သွားသယ်တဲ့ မိန်းမ ကြာလှ ချည်ကော အောက်မေ့ရော့မည်။ နေဦး ကလေးကိစ္စ ဘယ်လို ပြောရပါ့။ ခြေလှမ်းစိတ်စိတ် လှမ်းရင်းက ခေါင်းခြောက်အောင် စဉ်းစား လာခဲ့ရသည်။ လက်ပံပင်အောက်က ကလေးတစ် ယောက်ကောက် ရလာသတဲ့ဆိုသည့် သတင်းသာ ထွက်ခဲ့လျှင် နောင်မှာ အရှုပ်အရှင်း ရှိလာနိုင်တာလောက်တော့ မဗိုင်းတောင့် နားလည်ထားသည်။ ကိုယ့်ကုသိုလ်နှင့်ကိုယ် ကိုယ့်လက်ထဲ ပွေ့ပွေ့ထွေးထွေးကြီး ရောက်လာသည့် ကလေးကို ကောက်ရရ ချင်းမှာပင် မဗိုင်းတောင့် သိမ်းဖက် ထားခဲ့မိပြီ။ ကိုယ့်ဝမ်းက လွယ်မွေးရသည့် ရင်သွေးလို မိခင်စိတ်တွေ တစိမ့်စိမ့် ယိုကျ လာခဲ့သည်။ သည့်အတွက် ထိုတဒင်္ဂမှာ နွေးခဲ့ရသည့် ရင်ကို ဘယ်လိုအရာကမှ ငြှိမ်းသတ်အေးငြိမ်း ပေးနိုင်ဖွယ်မရှိ။ ၀ါခေါင်လပြည့်ကျော်မိုးက အုန်းအုန်းဖြုန်းဖြုန်း ရွာနေဆဲ။ မိုးရေထဲမှာ ကလေးလည်းစို၊ သူလည်းစို။ ကလေးကို တင်ပါး က တစ်ချက် ကျောကတစ်ခက် ပွေ့ပိုက်ရင်း မိုးရေတွေထဲ ထွက်လာတော့ အေးမြလွန်းလှသည့် မိုးရေကြောင့်တစ်ကိုယ် လုံး ထုံခဲ သွားသလား ထင်ရပါ၏။

“မိုးကောင်းမရယ် ညည်းဘယ်ကတုံး။ ၀ါခေါင်မိုးမရယ် ညည်းကို အမေ မွေးရပြီပေါ့အေ။ ညည်းအမေက ဘယ်သူတုံး။ ညည်းနာမည်က ဘယ်သူတဲ့တုံး။ သည်လိုအဖြစ် မျိုးကြုံရလောက်အောင် ဘဝေ ဘ၀က ညည်းဘယ် အကုသိုလ် များပြုခဲ့သာတုံး”

အရူးမ တစ်ယောက်လို ကလေးပိုက်ရင်း သုတ်သုတ် လှမ်းနေသည့် မဗိုင်းတောင့်ကို ဘယ်သူ့ ဘယ်သူကမှ သတိ ထားမိစရာ အကြောင်းမရှိ။ မိုးထဲလေထဲမှာ သူသူ ငါငါ ပြေးပြေးလွှားလွှား ဆိုတော့ ကွင်းစပ်က လှမ်းနေသည့် မဗိုင်းတောင့်ကို ဘယ်သူကမှ ဂရု မစိုက်အား။ မဗိုင်းတောင့် လှည်းဆီကို ရောက်တော့ ကိုသာညိုက နွားကြိုးနှစ်စ ဆွဲထားရင်း လှည်းပေါ် မတ်တတ်ကြီး ရပ်လို့။ လည်တမျှော်မျှော်။        “ဗိုင်းတောင့်ရယ် နင့်နှယ်...ထင်းတစ်ပွေ့ သယ်ဖို့သွား သာများ သောနုတ္ထိုမုဆိုး တောထဲ လွှတ်သလောက်ကြာ သကောဟာ...မြန်မြန်လာဟ။ ရွာလှည်းတွေ ထွက်လာရင် ပိတ်မိ ကုန်ကရော့မယ်။ ရေကျော်ချောင်းတွေ ကျရင် အကူး ခက်ကရော့မယ်။ ဘယ်မှာတုံး နင့်ထင်းတစ်ပွေ့က” 

“မယူခဲ့တော့ပါဘူ ကိုသာညိုရယ်။ ဟောသည်  ကလေးသာ ပွေ့ယူစမ်းပါ။ ကျုပ်လှည်းဘီးပေါ်က တက်ခဲ့မယ်။ ကျုပ်တူမနဲ့ တွေ့နေလို့ ကလေးပြဿနာ ရှင်းနေရလို့ ကြာသာ ပါတော်။ လှည်းပေါ်ရောက်မှ ပြောပါရစီတော့”   

ကိုသာညိုက လက်က နွားကြိုးနှစ်ချောင်းကို လှည်းရံ တိုင်မှာ တစ်ပတ်ပတ်ရင်းက ကလေးကို ပွေ့ယူသည်။ မဗိုင်း တောင့်လှည်းပေါ် ရောက်တော့ ပစ္စည်းတွေ လွတ်သည့်နေရာမှာ ထိုင်လိုက်ရင်း ကလေးကို လှမ်းယူသည်။ ကိုသာညို လှည်းကို ဇောင့်ခနဲ ရုန်းထွက်တော့ အနားက ပုဆိုးဟောင်းကို လှမ်းဆွဲပြီး ကလေးကို ရနိုင်သလောက် မိုးရေကာပေးလိုက်သည်။ တော်ပါသေးရဲ့ ကလေးက မငိုလို့။ မဗိုင်းတောင့် ကလေး ပါးစပ်ထဲ လက်ထည့်စမ်းတော့ သွားလေး နှစ်ချောင်းက ပြူစို့စို့။ အခါလည်တော့ ရှိလောက် ထင်ပါရဲ့။ လူတွေ လှည်းတွေကို လှည်းနောက်ဆီမှာ မည်းမည်း တုပ်အောင် လှမ်း မြင်နေရသည်။ ကိုသာညိုက လှည်းကို မြန်မြန်မောင်းလေ၏။

“ဗိုင်းတောင့် ဘယ်သူရယ်”

“ဘာကိုတုံး”

“ကလေးကို ပြောသာ။ ဘယ်က ဘယ်လိုပါလာသာ တုံး...ပွဲခင်းထဲ ရုတ်ရုတ်သဲသဲဖြစ်တုန်း မအေနဲ့ကွဲတဲ့ ကလေး လားဟာ။ မအေ့ခမျာ ခေါင်းမီး တောက်နေပါဦးမယ်”

“မဟုတ်တဲ့ စကားပြောရော့မယ်။ ကျုပ်က ဘယ့်နှယ့် လုပ်ပြီး မိုးကြီးလေကြီးထဲ ပွဲခင်းထဲ ၀င်ပြီး ကလေးကောက်လို့     ရမှာတုံးတော်။ သည်အရွယ်ကလေးကို ဘယ်မအေက မြေပေါ်ချပြီး ကိုယ်လွတ်ရုန်းပြေးပါ့မတုံး”

“အေး အဲသာတော့ ဟုတ်သယ်။ မအေပွေ့ရမယ့် အရွယ်ကိုးဟ”

မဗိုင်းတောင့်က ချက်ချင်း စကားမပြန်။ သူ့စိတ် ကူးထဲ ထည့်လာသည့် အတွေးကြမ်းကို ယုတ္တိယုတ္တာ ရှိအောင်ပြန်စဉ်နေရ သည်။ လှည်းပေါ်မှာ မဗိုင်းတောင့် ပြောလိုက်သည့် စကားက ရွာထဲပျံ့မှာ ဆိုတော့ စကားရှေ့နောက်ညီ ရလိမ့်မည်။ အခုလည်းရှင်း နောင်လည်း ရှင်းရလိမ့်မည်။ သည်ကလေးကြီးသည် အထိ ကိုယ်ရင့်တတူ ပါရမည့် စကားဖြစ်ရမည်။ မိုးတွေက ချက်ချင်းကြီး ရပ်သွားစရာမရှိ။ ပိုလို့ပင်သည်းလာခဲ့ပြီ။ မဗိုင်းတောင့်က မိုးသံလေသံကို ကျော်ပြီး ကြားနိုင် အောင် ပြောပြသည်။

“သည်လို ကိုသာညိုရေ။ ကျုပ်တို့ အဖေ့အမျိုး အမေ့ အမျိုးတွေက ကူဖြူတို့ ပန်းတောတို့ နေသာ တော်သိ မှာပါ။ ကျုပ်တို့နဲ့က မိဘ များရှိကတည်းက အကူး အလူး သိပ်မရှိကြပါဘူး။ ဆွေရယ်မျိုးလို့ သူတို့က သံယောဇဉ် နည်းကြသလို ကျုပ်ကလည်း မမျှော်ဘူး။ ကျုပ် ထင်းသွားပွေ့တော့ ကျုပ်အကြော်တဲ နေရာမှာ မိန်းကလေး တစ်ယောက် ကလေးပွေ့ရင်း မတ်တတ်ကြီး ရပ်လို့။ အကြော်တဲ ဖျက်ပြီး ကျုပ်ပြန်ပြီ အထင်နဲ့ ရပ်နေသာတဲ့။ ကျုပ်က လည်းမိုးထဲလေထဲ ပွဲပြိုရ တဲ့ကြားက ကလေးမအေ နှယ် ဘယ့်နှယ့် မိုးထဲ ရေထဲ ရပ်နေရပါလိမ့်ပေါ့”

“အဲဗျာ၊ နင့်ဟာက အဆန်းပါလား”

“ပြောဦးမယ်။ ကျုပ်မှာ ဆွမ်းခံရင်းငှက်သင့်။ အမေ့ အမျိုးထဲက ကျုပ်ကြီးတော်သမီး ဇီးမရယ်။ ကျုပ်က ထင်လိုက်လို့ ထင်းထားရာ မသွားသေးဘဲ ဇီးမလားဆိုတော့ ဟုတ်သယ်တဲ့။ ကျုပ်တွေ့တော့ ၀မ်းသာ သွားပုံတော်ရေ။ ကျုပ် က ဘာတုံးဆိုတော့ အစ်မကို လာရှာသာတဲ့။ ကျုပ်ကလေးကို အစ်မနဲ့ တစ်နှစ်တစ်ဝါ ထားခဲ့ချင်လို့တဲ့။ ဟဲ့ ညည်းကလေး ပစ်ပြီး ဘယ်သွားမှာတုံးဆိုတော့ ကျုပ် လင်နဲ့ကွဲသာ ကြာပြီတဲ့။ ကလေးတစ်ယောက် အဖတ် တင်သာပါ အစ်မရယ်တဲ့။ဘာမှလည်း လုပ်စားလို့ မရဘူးတဲ့”

“ဒါဖြင့် ဗိုင်းတောင့်ရဲ့။ နင့်ကို အပြီးပေးသွားတဲ့ သဘောလား”

“အပြီးလား မပြီးလား မပြောတတ်ပေါင် ကိုသာညိုရယ်။ ကိုယ့်သွေးဆိုတော့ ကျုပ်ကလည်း တိုးစိန် အားကိုးနဲ့ ထားခဲ့ လေပြောလိုက်ရသယ်။ သူတို့ရွာက မိန်းကလေး အဖော်တွေနဲ့ တောင်ပေါ် လက်ဖက်ခူးလိုက်မယ် ပြောသာပဲ။ ကွဲနေတဲ့ ယောက်ျားကလည်း ကလေးရမယ် ရှာပြီး နှောင့်ယှက်နေလို့ ဆိုလား။ ရှောင်တဲ့ သဘောနေမှာပေါ့”

“ခက်ပါ့ကောဟာ...အံမာ အရေးထဲ အရာပေါ်  မိုးကလည်း ကောင်းလွန်းဗျာ။ ပွေးကျင်းကဆရာ မိုးတားသာ ပိုတောင်ဆိုးရော့ မှတ်သယ်။ ဟ- နွားရ ကတ်ဖိုးကတ် ဖဲ့နဲ့...ရော်ဗျာ၊ ပြောနေတဲ့ကြားက”   

ကိုသာညိုက ကလေးပြဿနာရှင်းသွားသလို ထပ် မမေးတော့။ မဗိုင်းတောင့်က သူပြောခဲ့တာကို ပြန်စဉ်း စားရပါ၏။ ကူဖြူ ပန်းတောရွာတွေမှာ အမေ့ အမျိုး အချို့ ရှိသော်လည်း ဇီးမ ဆိုတာလည်း မရှိ။ လင်ကွဲတယ် ဆိုတာလည်း မဟုတ်။ ပါးစပ်ထဲ ရှိတာပြောလိုက်ရခြင်းသာဖြစ် သည်။ သည်နာမည်တွေကိုတော့ မှတ်ထားရဦးမည်။ ဘယ်သူ ကမေးမေး သည်နာမည်နှင့် သည်ဇာတ်ထုပ်ကို ခင်းရမှ မဟုတ်လား။ မဗိုင်းတောင့်က ပုဆိုးဟောင်း အုပ်ထားသော ကလေးကို မနက်ခင်း အလင်းရောင် ပြေးနှင့်ကြည့်သည်။ မိုးရေတွေ ရွှဲရွှဲစိုထားလို့ မျက်လုံး အပြူးသားကလေးနှင့် ပါလာတာကို ကြည့်ရင်း သနားစိတ် ၀င်ရပြန်သည်။ လှည်းက မကြာခင် ရွာဝင်တော့မည်။ မတတ်နိုင်ပါ။ ကလေးကို အရင်ခြောက်အောင် သွေ့အောင် ထားရမည်။ ပစ္စည်းတွေ ကိုတော့ ကိုသာညိုကို ချခိုင်းရုံသာ။ ကလေးကို သွေ့အောင် ထားတာတော့ ဟုတ်ပါရဲ့။ ကလေးအတွက် လဲစရာ ဖယ်စရာ အ၀တ်အစား မရှိတာ ဘယ့်နှယ့် လုပ်ရပါ့။ အိမ်နားက မစံမေကို အကျိုးအကြောင်း ပြောပြီး ကလေး အင်္ကျီခဏ ငှားရမှာပေါ့။ သူ့သမီး ချက်စူမ အင်္ကျီနဲ့ဆို တော်ကောင်းပါရဲ့။

“နင့် ၀မ်းမနာ သမီးသာ ရေမိုးခြောက်အောင် လုပ်ပါဟာ။ဝန်စည်စလယ်တွေ ငါပဲ ချပေးပါ့မယ်။ ဇာတ်ပွဲကလည်း ပွဲ ကူးဖြစ်ကဲ့လား မပြောတတ်ဘူး။ ခမျာများလည်း သည်လောက်ဆိုရင် ကြွက်စုတ် ရေမွန်း ဖြစ်ကြပြီထင်ပါ့”

ကိုသာညိုကပဲ ပြောလာလို့ ကျေးဇူး တင်ရသေး။ အိမ်ရောက်တော့ လှည်းပေါ်က ဆင်းပြီးသည်နှင့် ကလေးကို ရေတွေ စင်အောင်သုတ်ပြီး ဗန်းမော် တဘက်ဟောင်းနှင့် ထွေးရသည်။ ထိုင်ခိုင်းတော့ ငြိမ်ငြိမ်ကလေး ထိုင်ရှာပါ၏။ မစံမေ့သမီး အင်္ကျီ နှစ်ထည်နှင့် ဘောင်းဘီတိုကလေး နှစ်ထည် ခဏငှားပြီး ၀တ်ပေးရသည်။ သနပ်ခါးပျစ်ပျစ် သွေးပြီး လက်ခလယ်နှင့် တစ်ကော်ကော်ကာ ကလေးပါးစပ်ထဲ ခွံ့ပေးရင်းက ဆုတောင်းသည်။ ပြီးမှကိုယ်တိုင် အ၀တ် လဲရသည်။ ခေါင်းတွေ သုတ်ရသည်။

“ဘုရားဆေး တရားဆေး သံဃာ့ဆေးပါတော်။ အသက် တစ်ရာ အနာမရှိ ပါလာသမျှ အညံ့တွေ ကင်းစင် ပပျောက်၍ သည်မအေ သည်သမီး ကျန်းမာပကတိ ချမ်းသာ အတိရှိကြပါ ရစီတော်”

ရွာလမ်းဘက်ဆီက မိုးထဲလေထဲ ဖြတ်မောင်းသွားကြသော အဝေး ရွာတွေက ပွဲလှည်းသံတွေ ကြားရပြီ။ ကိုသာညို ကပဲ လှည်းပေါ်က ပစ္စည်းတွေ ချပေးရှာပါ၏။ ကိုသာညိုကို လှည်းခ ပေးရဦးမည်။ ကိုသာညိုက နောက်မှ ပေါင်းပေးပါဟာ ဆိုသည့်ကြားက ဇွတ်ပေးရသည်။ ကိုသာညိုက လှည်းခကို မဗိုင်းတောင့် ပေးသလောက်သာ ယူရှာပါ၏။

“မုဆိုးမ ပိုက်ဆံများ မလိုချင်ချက်တော့ဟာ။ ပေးတော့လည်း ယူရုံပေါ့။ နင့်နှယ် တော်သေးသာဗျာ။ ရေကျော်ချောင်း ချောက်တွေထဲ ရေမရောက်သေးလို့။ ခဏနေရင် ရေဆင်းလာ လောက်သယ်။ ငါ့စိတ်ထင် မိုးက တစ်နေ့လုံး တိတ်မယ့်ပုံ မပေါ်ရေးချ မပေါ်ဗျာ။ မနက်ဖျင် (မနက်ဖြန်) တိတ်ရင် အာဂ”      

“ကျုပ်ကလည်း မုဆိုးဖိုလှည်း အလကားငှားသယ် အဖြစ် မခံပေါင်တော်...နော သမီးရာ၊ ကျုပ်ကို လုပ်ကျွေးမယ့်     သမီး မွေးပါပြီတော်”

“ရူးပါ့ဟာ။ ကိုင်းသွားပဟေ့။ ညောင်ခါးဇာတ်ခုံဘက် ပြန်သွားရဦးမှာပါဟာ။ ဇာတ်က သည်မနက် ရေစကြိုဘက် ကူးမယ်ပြောသာပဲ။ တို့လှည်းတွေက ကားလမ်းရောက်အောင် ပို့ရမှာ။ ငါက မင်းသမီး မိုးမိပြီး ဖျားမှာစိုးသာ။ ခမျာကလေး သနားစရာ”

“ကိုယ့်ကိုယ်ကို သနားဦး ဥပကကြီးရေ။ မျက်စိကမှုန် နားကထုံ ဆံအုံကဆွေး နံရိုးကွေးနဲ့ ဇာတ်မင်းသမီးများ မှန်းလို့။ ရောဂါဟောင်း ပြန်ထမနေနဲ့။ ဟိုက ထမီတောင် အခေါက် ခိုင်းမှာ မဟုတ်ဘူး”

ကိုသာညိုက မဗိုင်းတောင့်ထက် အသက်ကြီးပေသိ မဗိုင်းတောင့်နှင့်က ပြောမနာ ဆိုမနာတွေ။ ရွာမှာ အတူနေခဲ့ကြ တာကြာပြီ။ ကိုသာညို မုဆိုးဖို မဖြစ်ခင်က ကိုသာညိုမယား မရွှေတင်ကို မဗိုင်းတောင့် ကောင်းကောင်း မီလိုက်သည်။ ကိုသာညိုက အင်မတန် သဘော မနောကောင်းသည်။ သားမယားကို ချစ်ရှာသော်လည်း ရှာဖွေရသမျှ ပိုက်ဆံအကုန် အပ်လေ့ မရှိ။ သည့်အတွက် ကိုသာညိုနှင့် မရွှေတင်တို့ မကြာခဏ စကားများတာလည်း ရွာက မကြားချင် အဆုံးပင်။ ကိုသာညိုက ပိုက်ဆံတွေ ဒီးတိုက်အောင် ရတာမျိုး မရှိပေသိ ရသမျှတော့ ကျစ်ကျစ်ပါအောင် စုတတ်သူဖြစ်၏။ တစ်ရွာလုံး အံ့သြရတာကတော့ မရွှေတင်၏ ညီမကမွေးသော တူတွေကို ကိုသာညိုက ရှင်ပြုပေးခြင်း ဖြစ်၍ ငါးခြောက်ဆီပြန်ချက်နှင့် တစ်ရွာလုံးကို ထမင်းရုံ ကွဲအောင် ကျွေးခဲ့ခြင်း ဖြစ်သည်။ တူသုံးယောက်ရှင်လောင်းလှည့်တော့ ကိုသာညိုကတူအထွေး ဆုံးကလေးကို မြင်းပေါ် မတင်ခဲ့။ ကိုယ်တိုင်ချီပိုးကာ ရွာလမ်း တစ်လျှောက် ခါးကျိုးအောင် လှည့်ခဲ့သည်။

“ကိုသာညိုရယ်...တော်ကပရိက္ခရာမကိုင်ဘဲ ဘယ့်နှယ့် မောင်ရင်လောင်း ကျောပိုးရသာတုံး။ မြင်းတွေ ရှိလျက်နဲ့တော်”

“ငါ့ပိုက်ဆံနဲ့ လှူတာပေသိ ရှင်လောင်းမိဘနှစ်ပါး ပရိက္ခရာ ကိုင်ကြစမ်းပါစီ ရွှေတင်ရယ်။ ခမျာများကိုင်ချင်စမ်း     ပါရော့မယ်။ နင်လည်း ပရိက္ခရာ မရွက်နဲ့။ ဒိုးပတ်ဝိုင်းရှေ့က ကွေးနေအောင် ကစမ်းပါဟာ”

မရွှေတင်ကလည်း လင်စကား နားထောင်သား။ ဒိုးပတ် ၀ိုင်းရှေ့မှာ ပ၀ါစုံချ၊ ဆံထုံးမောက်မောက်ကြီး ထုံးတဲ့ပြီး အယိုင် က ကလိုက်ပုံများ။ သည်ကတည်းက ကိုသာညိုကို မရွှေတင် ကိုယ်တိုင်က နားပူနားဆာ မလုပ်တော့ဘဲ ဘ၀ကုန်အောင် ပေါင်းခဲ့ရှာပါ၏။ မရွှေတင်ဆုံးတော့ မဗိုင်းတောင့် မိဘများပင် ရှိကြသေးသည်။ သားသမီး မထွန်းခဲ့တော့ မယားဘက်က တူ တွေကို သားလုပ်ရင်း ရိုးရိုးသားသား ရှာဖွေစားသောက်ခဲ့သည်။ အခုတော့ တူတွေလည်း တစ်ရွာတစ်ကျေးမှာ အခြေကျကြပြီ။ ကိုသာညို တစ်ယောက် အိမ်ထောင်ရယ်လို့ မပြုတော့ဘဲ လှည်းတစ်စီး၊ ယာသုံး၊ လေးဧက ကျစ်ကျစ်ဆုပ်ကာ တောင်သူပိန် လောက်နှင့် အရိုးထုတ်တာ ခုထိပင်။ တောင်သူတော့ ကိုယ်တိုင် မလုပ်ဘဲ မြေငှားချသည်။ လှည်းကတော့ ကိုယ်တိုင်မောင်းသည်။ ထလက်(ထန်းလက်)တိုက်၊ ထင်းတိုက်၊ မီးသွေးတိုက် ကြိုက်ရာခေါ်တော့။ ရွာ့ကိစ္စရှိတိုင်း ကိုသာညို မပါလို့မပြီး။ ရွာက ချစ်ခင်သလို သူကြီးကလည်း အားကိုးရှာပါ၏။

တစ်ခါသား ကိုသာညို လူရိုးကြီးက စိတ်ကလေး ကစား ချင်ချင် ဖြစ်ခဲ့ဖူးတာတော့ရှိလေ၏။ မယား မရွှေတင် ဆုံးပြီးစ ယောင်တောင်တောင် ဖြစ်နေချိန်မှာ ပုဆိုးအသစ်တွေ ထုတ်ဝတ်သည်။ ဘန်ကောက်ပုဆိုးတွေ ဒုံးချတာတွေဖြစ်လာသည်။ အင်္ကျီကော်လာမှာ လက်ကိုင်ပုဝါ ခေါက်ချိုးချိုး ထည့်ကာ ပိုလို တမြမြ ရှိလာသည်။ အကြောင်းရှာတော့ ရွာကိုဧယင်ကျူး ရောက်လာသည့် မင်းသမီးကို ရှိုးပြမှန်း ရွာက သိကြပြီ။ လွန်ခဲ့ သည့်အနှစ်နှစ်ဆယ်လောက်တုန်းက ရွာမှာ ဘုန်းကြီးပျံပွဲ ရှိလာတော့ ရေစကြိုကမင်းသမီး အောင်သန်းကြည်ကို ငှားဖို့ဖြစ်လာသည်။ ဆိုင်းတစ်ခြမ်း၊ လူပြက်နှစ်ယောက်နှင့် မင်းသမီးကြို ရမှာဆိုတော့ ရွာက လှည်းသုံး စီးဆင့်သည့် အထဲ ကိုသာညို ထိပ်ကပါလေ၏။ ရွာလူကြီးတွေက ဆိုင်းကိစ္စ၊ မင်းသမီးကိစ္စ ပြောကြဆိုကြ ငှားကြတုန်း ကတော့ ကိုသာညိုမပါ။ သွားကြိုချေတော့ဆိုမှ ကိုသာ ညိုပါရခြင်းဖြစ်၏။ ဆိုင်းနှင့် မင်းသမီးကို နှစ်ညသုံးည ကြိုခေါ်ထားရသည်။ ရေစ ကြိုက ဆိုင်းဆရာအိမ်မှာ မင်း သမီးနှင့် လူပြက်နှစ်ယောက် စောင့်ကြမှာ ဆိုတော့ ဆိုင်း ဆရာ အိမ်ကိုအကြိုလွှတ်ရ သည်။ ဆိုင်းပစ္စည်းနှင့် ဆိုင်းဆရာတွေက လှည်းနှစ်စီး။ မင်းသမီးနှင့် လူပြက်နှစ် ယောက်က လှည်းတစ်စီး။ ဆိုင်းလှည်းနှစ်စီး ရှေ့ကသွား နှင့်ကြပြီ။ ကိုသာညိုက ရွာကို တန်းမမောင်းသေးဘဲ မင်းသမီးနှင့် အဖွဲ့ကို လက်ဖက်ရည်ဆိုင် ရှေ့ လှည်းရပ် ပြီး လက်ဖက်ရည်တိုက်သည်။ ဆယ်တန်တွေ အထပ်လိုက် ထုတ်ပြီး ငွေချေသည်။ လူရွှင်တော် နှစ်ယောက်ကို ပိုလို တစ်ဘူးစီ၊ မင်းသမီးကို မျက်နှာချေ တစ်ဘူး လက်ဆောင် ကမ်းသည်။ ရေစကြိုမှာ မင်း သမီးက လိုတာကလေးတွေ လျှောက်ဝယ်သခိုက် လူပြက် နှစ်ယောက်က ကိုသာညိုကို စကားစလေ၏။

“ကိုယ့်ဆရာက လူပျိုကြီးနဲ့ တူတယ်။ ပိုက်ဆံတွေ ပေါလှချည့်လား အာစရိရ။ သူဌေးက ဘယ့်နှယ့်ကိုယ် တိုင် လှည်းမောင်းရတာတုံး”

“လှည်းသမားတွေ စိတ်မချလို့ပါဗျာ။ ပိုက်ဆံရှိ သယ်ရယ် မဟုတ်ပါဘူး။ မယား ဆုံးသာကြာပါပြီဗျာ။ မိဘများ ထားခဲ့တဲ့ ယာက ဧကနှစ်ဆယ်၊ အပင်နှစ်ရာပါ ထတော(ထန်းတော)က တစ်တော၊ နို့ညှစ်နမ(နွားမ)က ဆယ့်နှစ်ကောင်၊ ခိုင်းနွားက သုံးရှဉ်း၊ မိဘများ ထားခဲ့တဲ့ ရွှေကချည်း ကျုပ်စိတ်ထင် လေးဆယ်သား ပျော့ပျော့ ရှိမှာပေါ့။ လူပျိုတော့ မဟုတ်ပါဘူးဗျာ၊ မုဆိုးဖိုပါ”

“သားသမီးများကော”

“မရှိပေါင်ဗျာ”

“ဟာ- ဟန်ကျပြီ။ ကျုပ်တို့ မင်းသမီးက အပျိုဗျ။ ကောင်မလေးက အစိမ်းကလေးရယ်၊ ဆင်းရဲရှာပါတယ်ဗျာ။ ပြန့်ထမီ တစ်ထည်က နှစ်ထည် မင်းသမီးရယ်လို့ ၀ယ်မ၀တ်နိုင် ရှာပါဘူး။ ခမျာ ပွဲငှားရှိရင် ငှားဝတ်ရတာနဲ့ ပြီးရတာပါ”

“ရော်ဗျာ ဖြစ်ရလေ”

“မင်းသမီး မအေကလည်း ပန်းနာရင်ကျပ် ရောဂါကြီးနဲ့ ဆိုတော့ ဆေးကုရတာနဲ့ ကလို့ရတဲ့ ပိုက်ဆ ကုန်ရရှာတယ်”

“ရော်ဗျာ ဖြစ်ရလေ”

“ဖအေကတော့ ပိုးထိလို့ ဆုံးရှာတာ ငါးနှစ်လောက်ရှိပြီ။ ကျုပ်တို့ပဲအဖေ ကျုပ်တို့ပဲ အမေကိုးဗျ”

“တစ်ချက်မှ မကောင်းပါလားဗျာ။ နေစမ်းပါဦး၊ မင်းသမီးထမီက တစ်ထည် ဘယ်လောက်ပေးရသာတုံး”

“အစားစားပေါ့။ ကောင်းကောင်းကန်းကန်းထဲကဆို တောင်မြို့ထည် ရွှေချည်ထိုးများ တစ်ထည်နှစ်ရာ သုံးရာပေါ့     ကိုယ့်ဆရာရာ...ဒါဆိုရင်တော့ ၀တ်လို့ လှပါပြီ”

“နို့ ကိုရင်တို့တောင်ရှည်ကကော”

“ကျူထရံကွက်တုံးထဲက တစ်ထည်ခြောက်ဆယ့် ငါး ကျပ်။ ပ၀ါတစ်ပိုင်က နှစ်ဆယ်အစိတ်။ သည်လောက်ပါပဲ သူဌေးရဲ့”

မင်းသမီး ပြန်ရောက်လာတော့ လှည်းထွက်ခဲ့ကြသည်။ မင်းသမီးက ကိုသာညိုဘေးမှာ ပုံ့ပုံ့ကလေး ထိုင်လို့။ လူပြက် နှစ်ယောက်က လှည်းနောက်မြီးမှာ ခြေတွဲလောင်းချကြလို့။ မင်းသမီးဆီက ရေမွှေးဆီနံ့က သင်းလှသည်။ လူလုံးလူဖန် သေးဖျောက်ဖျောက်နှင့် အလွန်ချောသူကလေး ပါလားလို့ တစ်ချက်တစ်ချက် ခိုးကြည့်ရင်း ကိုသာညို တွေးမိပါ၏။ လှည်းက ချိုင့်ထဲ ကျသည့်အခါ မင်းသမီးက ကိုသာညိုခါးကို တင်းတင်းဖက်ရင်း လူပါမှီတော့ ကိုသာညို ရင်ခုန်ရပြီ။ ရွာ ရောက်တော့လည်း ရွာက ကျွေးစရာမလို။ ကိုသာညိုကပဲ သူ့ အိမ်တိုက်ရိုက် မောင်းကာ ရှိသမျှ ပုံအော ကျွေးမွေးလေ၏။ ပိုက်ဆံလေးရာ စင်စင်ကြီး ထုတ်ပေးပြီးသည်နှင့် ငါ့နှမ ထမီဝယ် ရော့၊ ကိုလူပြက်တို့ တောင်ရှည်နဲ့ ပ၀ါ ၀ယ်ကြရော့ဆိုလေ၏။

မင်းသမီးကလေးကပဲ ကိုသာညို့ကို အရူး လုပ်တာလား။ ကိုလူပြက်တို့ ဆင်ထားသမျှ အကွက်ကို ရိုးရိုးသားသား မသိ တာပဲလားတော့ မသေချာပါ။ ကိုသာညိုကို ရင်းရင်းနှီးနှီး ရှိသည်။ ပူးပူးကပ်ကပ် နေသည်။ ရောရောထွေးထွေး ကလူး ကလဲ လုပ်သည်။ တစ်ရွာက သူစိမ်းရယ်လို့ ရှိုးတိုးရှန့်တန့် မရှိ။ ကျောပုတ်၊ ပုခုံးပုတ် ရှိလေတော့ ကိုသာညိုကလည်း သွေးကြွ ပုံရလေ၏။ လူပြက်တွေက ကိုသာညိုအိမ်ကို မြေမလှန်ရုံ တမယ် ဗြောင်းဆန်အောင်မွှေကြရင်းက ကွယ်ရာမှာ မင်းသမီး ကလေးနှင့် လှော်ကြပါ၏။ မင်းသမီးကလေးက အရွယ်ငယ် သော်လည်း ဧယင် ကျူးနိုင်နင်းလှသည်။ မျက်ရည်တွေ တွေ တွေ ကျရင်းက ငိုချင်းချသည်။ ဆရာတော့်ဧယင် ပုခက်တန်း ကိုခေါင်းနှင့် ပြေးပြေးဆောင့်သည်။ အဆိုကောင်း  အငိုကောင်း။ ရွာက မျက်ရည်ကျကြတော့ ကိုသာညို မုဆိုးဖိုပင် မခံနိုင်။ ငိုလိုက်တာ ကျူသံပါလို့။ မင်းသမီး နာမည်ရင်းက မမြစန်း၊ မင်းသမီး နာမည်က စန်းရောင်ခြည်ဆိုတော့ ကိုသာညိုက မစန်းကလေး ခေါ်လေ၏။

“မစန်းကလေးတို့များ လူသာငယ်တယ် ပညာကြီးချက်ဗျာ။ ကျုပ်တို့ရွာ နောင်ဘုန်းကြီးပျံများတော့ ဧယင်ကျူး မင်းသမီး     မစန်းနဲ့မှ အံကိုက်ကျမှာပဲ”

သည်စကားကြားလို့ ဘုန်းကြီးတွေက ခေါ်ငေါက်ရသည်။ သူကြီးက ခေါ်ကြိမ်းရသည်။ ရွာက မြင်ပြင်းကတ်လှပြီ။ လူပြက်တွေက တစ်ဆင့် ကိုသာညို ကွယ်ရာမှာ ကြွားထားသမျှ ရွာလုံး ကြားခဲ့ကြပြီကိုး။ ယာကဧက နှစ်ဆယ်၊ အပင်  နှစ်ရာပါ ထတောက တစ်တော၊ နို့ညှစ်နွားမက ဆယ့်နှစ်ကောင်၊ ခိုင်းနွားက သုံးရှဉ်း၊ ရွှေက လေးဆယ်သားလျော့လျော့ ဆိုတာတွေကို လူပြက်တွေကလည်း ယုံခဲ့တာ မဟုတ်။ မင်းသမီး ကလေးကို ငါးစာတပ်ပြီး ကိုသာညိုကို ဟပ်ခိုင်းခြင်းသာ ဖြစ်ပါ၏။

“မုဆိုးဖို သာညိုတော့ မရူးမကောင်းနဲ့ ရှိသာလေးကုန် တော့မှာပဲ။ မင်းသမီးက အရပ်တကာ လူတကာ သည်လို ပူးသာ...ဒင်းက အကောင်းမှတ်လို့”

“မင်းသမီးက အရိုးခံရယ်။ လူပြက်တွေက လှော်လို့ ပိုက်ဆံတွေ ထွက်လှပေါ့”

“မယား မရွှေတင်  ရှိတုန်းက ငွေမထွက်ပေါင်အေ။ဘယ်နားကျိတ်စုသယ် မပြောတတ်ပါဘူး။ မင်းသမီး စန်းရောင်ခြည်နဲ့ကျမှ ထမီ ၀ယ်ပေးရသာနဲ့ မျက်နှာချေဝယ် ပေးရသာနဲ့...ငါဖြင့် အူယားလိုက်သာနော်”

“ဖြစ်ရပုံများ နာမည် ခေါ်သာတောင် မစန်းကလေးတဲ့။ ကျုပ်ဖြင့် နားရှက်လိုက်သာ မကလေးမရယ်”

“မင်းသမီးကတော့ကော သာညိုကို လေးညိုတဲ့။ ဧယင် ကျူးနေကျ မိန်းမများ တစ်ရွာလုံးတောင် ငိုအောင် လုပ်နိုင်သာ အေ့။ သာညိုလောက်တော့ ဆွဲမွှေ့နိုင်သာ ဘာဆန်းလိမ့်မလဲ”

ရွာက ဘယ်လိုပြောပြော ရွာဘုန်းကြီးပျံပွဲ သုံးလေးရက် အတောအတွင်း ကိုသာညိုခမျာ ဘုန်းကြီးပျံကွင်းနှင့် အိမ်ကို ကူးချည်သန်းချည်ပြုရင်း မင်းသမီးစားဖို့ ချက်ရပြုတ်ရတာ အမော။ ချိုးရေခပ်ပေးရတာအမော။ ရွာနားက စိန်နားပန်ဘုရား ဟောင်းဆီလှည်းနှင့်ပို့ရတာအမော။ ဘုန်းကြီးပျံ ပွဲပြီးတော့ ကိုသာညိုပဲ မင်းသမီးနှင့် လူပြက်နှစ်ယောက်ပြန်ပို့ရလေ၏။ ဆိုင်းဆရာ အိမ်ရောက်တော့ မင်းသမီးမမြစန်းကို လူတစ်ယောက်စောင့်နေသည်။ အရက်ကလေး ထွေထွေနှင့် လှည်းပေါ် က ဆင်းလာသော မင်းသမီးကို ဆီးငေါက်တော့သည်။ လူပြက်နှစ်ယောက်က မျက်စိမျက်နှာတွေများ ပျက်လို့။

“ကိုယ့်လူ ပြန်တော့။ အဲဒါ မင်းသမီး လင်ဗျ။ လူက ခပ်ဆိုးဆိုးရယ်။ ကြည့်ပါလား မယားကိုကြိမ်းမောင်းနေတာ”

“ဘယ့်နှယ့် ခင်ဗျားတို့ပြောတော့ မင်းသမီးက အပျိုဆို”

“ကျုပ်တို့နဲ့ အတူလိုက်လာတုန်းကတော့ အပျိုပဲ ကိုယ့် ဆရာရဲ့။ အခု ကျုပ်တို့ပြန်လာမှအိုသွားတာ။ ဒါမျိုးက မြန်တယ်ရယ်”

“မြန် မြန်ပါဦးတော့...ခင်ဗျားတို့ဟာက မြန်လွန်းပါ သယ်ဗျာ”

သည်စကားက ဆိုင်းတင် လှည်းဆရာတွေက တစ်ဆင့် ရွာရောက်လာခြင်းဖြစ်သည်။ တစ်ရွာလုံးက ရယ်မဆုံးကြ။ တချို့က ကိုသာညို့ ကျောကို ထုလိုက်ချင်သာနော်လို့ ကြိမ်းကြတာလည်း ရှိ၏။ တချို့က ကွယ်ရာမှာ မပြော။ ရှေ့မှာတင် အပြစ်တင်ကြသည်။ ကိုသာညိုကလည်း မလျှော့။ နောင်ဘုန်း ကြီးပျံပွဲကျရင် ကျုပ်က စန်းကလေး ငှားဦးမှာတဲ့။ အဲသလို ကိုသာညို။                     

ငယ်ကလည်း ငယ်သေးတာ တစ်ကြောင်း၊ မယားဖြစ်သူ မရွှေတင်က ဆုံးခါစက တစ်ကြောင်းဆိုတော့ အူတူတူဖြစ်နေ ချိန်ကိုး။ ဒါတောင် ကိုသာညို့ရောဂါက ချက်ချင်း အကင်း မသေ။ အနီးအနားကရွာတွေဘက် ကိုယ်တိုင်သွားကာ ဆရာတော်ကြီးတွေ နေကောင်းထိုင်သာရှိကြရဲ့လားစနည်း နာသည်။ ရွာပြန်လာတော့ညည်းသတဲ့။ ဘုန်းကြီးများ ကလည်း ကျန်းမာကြဗျားတဲ့။ မဗိုင်းတောင့်က မိုးရေထဲ လှည်းမောင်းသွားသော ကိုသာညိုကိုကြည့်ရင်း အတိတ်က အကြောင်းတွေကို သတိရ နေခြင်း ဖြစ်ပါ၏။ အဲသည်ကတည်းက ကိုသာညို ငြိမ်သွား လိုက်တာခုထိ။ အသက်ကလည်း ရပြီကိုး။ အင်းလေ။ကိုယ် တောင်လေးဆယ့် ခြောက်နှစ်ရှိပြီပဲဟာလို့ မဗိုင်းတောင့် တွေးသည်။

ကိုသာညိုက မဗိုင်းတောင့်ထက် ဆယ်နှစ်လောက် ပိုကြီးလိမ့်မလားပဲ။ ကိုယ့်ရွာသူတွေ အပေါ်မှာတော့ မရိုးမဖြောင့် စည်းမစောင့် မရှိတာလည်း အမှန်ပင်။ ဘယ်မိန်းမသားကို မဆို အစ်မနှမတွေလို ခင်မင်ရှာသူဖြစ်သည်။ တစ်ကိုယ်ရေတစ် ကာယ ကုတ်ကုတ်ကျစ်ကျစ် ရှိသူဆိုတော့ ဥစ္စာရှိတန်သလောက် ရှိပါ၏။ ဂျီးပုတုက မဗိုင်းတောင့်ကို ကိုသာညိုနှင့် နီးစပ်စေ ချင်ပုံရသည်။ တောင်ဝှေး တစ်ချောင်းနှင့် ရောက်လာတိုင်း သည်လို စကားမျိုးသာ ပြောတတ်သည်။ ကိုသာညို သဘော ကောင်းသည့်အကြောင်း၊ မယားမှတ်မှတ် သားမှတ်မှတ် ပေါင်း ဖက်မည့်သူဖြစ်ကြောင်း၊ မိန်းမသားဆိုတာ လင်သားရှိမှတင့် တယ်သည့်အကြောင်းတွေက ခပ်များများ။ ဂျီးပုတု ဘယ် လောက်ပင် ပုတ်နှိုးနှိုး မဗိုင်းတောင့်၏ ကိလေသာ စိတ်ကမနိုး နိုင်တော့။ မိဘတွေပေးစားခဲ့သည့် ကိုသံမှိုကို ယူစဉ်ကပင် မဗိုင်းတောင့် မလွန်ဆန်ချင်လို့ ယူခဲ့ရတာ မဟုတ်လား။ လင် သားရယ်လို့ အတူပေါင်းကြရတော့လည်း မယားဝတ္တရား မပျက်ခဲ့။ အားကိုးအားထားရှိခဲ့သည်။ မေတ္တာပမာဏကြီးခဲ့ရ သည်။ ကိုသံမှိုဆုံးရှာတော့ မဗိုင်းတောင့်အဖို့ရာ ဘ၀ ကိစ္စတစ်ဇာတ် သိမ်းခဲ့ပြီလို့သာ ခံယူခဲ့ပါ၏။ တောသူတောင်သား မိန်းမ သားပီပီ တစ်ပင်ထူချင်စိတ်တွေ ခန်းခြောက်ခဲ့ရပါ၏။ ကိုသာညို ရိုးမှန်းလည်း သိပါ၏။ စိတ်အနှောင့်အယှက်ဖြစ်လောက် အောင် စကားကျူးနှုတ်ကျူး မရှိတာလည်း သိပါ၏။ တစ်ခါတလေ အစ်ကိုလို သားချင်းလို အော်အော်မောင်းမောင်း နှုတ်လှန် ထိုးတာမျိုးကလွဲလျှင် မဗိုင်းတောင့်ဘက်က မစွမ်းရင်းလည်းမရှိ၊ ကန်စွန်းခင်းလည်း မရှိ။ အခုတော့ သမီးတစ်ယောက် ၀မ်းနှင့် မလွယ်ရဘဲ ကောက်ရခဲ့ပြီ။ သံယောဇဉ်ကြိုးတစ်မျှင် တွယ်ငင် ရစ်ခဲ့ရပြီ။

သမီးလေးကိုကြည့်လိုက်တော့ လက်ထဲ ထည့်ပေးထားသည့် ပဲမြစ်ပြုတ်တစ်တောင့်ကို သွားရည် တမြားမြားကျ အောင် ကိုက်နေသည်။ သန္ဓေတော့ ကောင်းသား။ ရောက်ကတည်းက ငိုသံမရှိ။ မအေ့နို့စို့ရှာတုန်းများလား။ ထမင်းတစ် ဆုပ်ဝါးခွံ့ရုံပဲလား။ ရွာထဲမှာတော့ နွားနို့ ဆိတ်နို့ပေါလှသည်။ ဘယ်အိမ်က သွားယူယူကြိုက်သလောက် ယူနိုင်သည်။ မနက် ဖြန်တော့ ရွာအကြော်ဆိုင် ပြန်ဖွင့်ရဦးမည်။ ကလေးတစ်ဖက် နှင့်ဖြစ်မှဖြစ်ပါ့မလား။ တိုးစိန်ရှိသားပဲလေ။ တိုးစိန်ကို အိမ်ခေါ် ထားရတော့မှာပေါ့။ အပြင်မှာဝါခေါင်မိုးက ခပ်သည်းသည်း ရွာတုန်း။ မဗိုင်းတောင့်က ကလေးကို ကောက်ပွေ့သည်။

“ဗျပ်စောင်းနဲ့ ဘာဂျာxxxတေးကဗျာအဆန်း၊ ဘေး ဘယာ မသန်း ရွှင်လန်းသာယာxxxအနယ်နယ်အရွာရွာ ထင်ရှားလို့သာ ဂဏန်းအသစ်မပေါ်လာxxxမင်္ဂလာမအေးချစ် ကတော့ ၀မ်း၊ တစ်၊ ဇော်ပါxxxသမီးကလေး ၀ါခေါင်မိုးက ရှိခိုးရအခါခါ”
မဗိုင်းတောင့်က အငြိမ့် သီချင်းထဲ သမီးအကြောင်း ထည့် ဆိုရင်း သူ့ကိုယ်သူလည်း အူတက်အောင် ရယ်လေ၏။

“တိုးစိန်ရေ၊ ငါ့သမီးများ ညှော်နေမလား၊ ပုခက်လွှဲ လိုက်ဦး”

မဗိုင်းတောင့်က အကြော်မီးကျင်း ပူပူလောင်လောင်၊ အကြော်ဆီဒယ် ပူပူလောင်လောင်ကြား ဒူးတိုက်ထိုင်ရင်းက တိုးစိန်ကို လှမ်းခိုင်းလိုက်ခြင်း ဖြစ်၏။ ကလေးတစ်ယောက် ကောက်ရတာကို ကုသိုလ်ထူးသည် ထင်မှတ်သူဆိုတော့ ကလေးအတွက် ကရိကထများသည်မအောက်မေ့။ သို့သော် တစ်ယောက်တည်းတော့ မနိုင်။ ပရိယေသန ၀မ်းစာက တစ် ဖက်ရှိသေးတာ မဟုတ်လား။ သည်တော့ တိုးစိန်ကို အိမ်မှာသာ လာနေပါတော့အေလို့ အပြီး ခေါ်ထားရပြီ။ တိုးစိန်ကလည်း မငြင်းပါ။ တိုးစိန်မှာ မိဘနှစ်ပါး မရှိတော့။ ရွာထဲမှာမိမျိုး ဘမျိုးတွေ ရှိသော်လည်း ကိုယ်လုပ်မှ ကိုယ်စားရသူဆိုတော့ လူတကာခိုင်းဖတ်လို ပြေးပြေးလွှားလွှား ရှိရသူပင်။ အသက်က သုံးဆယ်နားကပ်နေပြီဆိုသည့်တိုင် လူက ဒေါ်ရိဒေါ်ရာ (တော်ရိတော်ရာ)ထဲကဖြစ်၏။ အူချင်သည့်အခါအူသည်။ ထူချင်သည့် အခါထူသည်။ အပျိုရယ်လို့ ကြည်ကြည်လင်လင် သန့်ရည်ပြန့်ရည်မရှိ။ ခေါင်းခြောက်ကြီးနှင့် အမြဲတမ်း ခေါင်း တစ်ခြမ်းကိုက်လို့ ဆိုတာနှင့် နေကုန်ရသူဖြစ်သည်။

“အရီးနှယ် ကျုပ်ဟာ ကျုပ်တွေးသာပါ။ ကျုပ်ကို နတ်ပြု စားထားသယ် ထင်သာပဲ။ ကျုပ်ခေါင်းက အရင်မကိုက်ဘူး ရယ်။ နတ်ကွန်းစင်ကပြန်မှကိုက်လာသာ။ နတ်များ လုပ်သလားတော်”

“ဟဲ့- တိုးစိန်မရဲ့ ညည်းက ဘယ်နတ်ကွန်း ဘာသွား လုပ်လို့တုံး။ မဟုတ်သာ ပြောရော့မယ်”

“အော် အရီးနှယ် ဒွေးပန်းကုံးတို့ ၀ါဝင်ဝါထွက် နတ်ကွန်း ကိုအပအသသွားသာကော။ ကျုပ်ကို ကန်တော့ပွဲရွက်လိုက် ခဲ့ဆိုလို့ လိုက်သွားပါသယ်။ သူရို့က သူရို့အလုပ်နဲ့ သူရို့ ပသနေတုန်း ကျုပ်ကမနေနိုင်သာနဲ့ နတ်ကွန်းဝိုင်းထဲ သေး ပေါက်မိသယ်လေ”
“ညည်းနှယ်အေ ဖြစ်ရလေ။ မရိုမသေ တောင်းပန်ခဲ့ ရဲ့လား”

“မတောင်းပန်ခဲ့ပေါင်”

“ညည်း ဖြစ်သာတောင်နည်းသေး။ မနက်ဖျင် မနက် စောစောသွားပြီး တောင်းပန်ချေ။ ကျွန်တော်မျိုးမ မရိုသေလို့ မဟုတ်ပါဘူး။ အမိုက်အမဲ ပြုမိသာရှိရင်ခွင့်လွှတ်ပါ။ ပန်းခုနစ်ပွင့်၊ ငါးကြော်ခုနစ်ကောင်၊ လက်ဖက်တစ်ပွဲ၊ ဆေးလိပ် ခုနစ်လိပ်၊ ထန်းရည်ခုနစ်ခွက်နဲ့ တင်ပါသယ် မြှောက်ပါသယ်။ နှုတ်က တောင်းပန်”  

“အလုပ်ရှုပ်ပါ့ အရီးရယ်၊ ကျုပ်မယ် အဲသာတွေ ဘယ် တတ်နိုင်မှာတုံးတော့်”

“ညည်းပါးစပ်နဲ့တော့ ခေါင်းတစ်ခြမ်း ကိုက်က နှစ်ခြမ်း ကိုက်ဖြစ်ကရော့မယ်အေ...ဗိုင်းတာမ”

ထနောင်းပင်လှမှာ ဒွေးပန်းကုံးအပါအ၀င်တခြား နယ် ဘက်က ပြောင်းလာသူ လေးငါးအိမ်ရှိသည်။ ကြာကြပါပြီ။ နှစ်ပေါင်း သုံး၊ လေးဆယ်လောက်ကတည်းက သည်နယ်ကို ရောက်လာကြသူတွေဖြစ်ပါ၏။ ဆိုင်ရာရိုးရာနတ်က ဖွားချမ်း သာနတ်ခေါ်ကြသည့် အမေဂျမ်းနတ်ဖြစ်သည်။ ပျဉ်ကာပျဉ် ခင်းလေးပေပတ်လည်လောက်ဆောက်ပြီး ရွာစွန် အင်တိုင်းစပ် မှာ နေရာပေးထားလို့ ထိုနေရာကို အမေဂျမ်း နတ်ကွန်းခေါ်ကြ ခြင်းဖြစ်သည်။ ဒွေးပန်းကုံးတို့ မိဆိုင်ဖဆိုင် နတ်ဆို၏။ ဒွေးပန်း ကုံးပြောပြဖူး သလောက်တော့ ဖွားချမ်းသာက သဘောကောင်း သည်။ အင်းဝသားသူခိုး ငတက်ပြား ခေါ်သည့် ကိုတက်ခါး နှင့် ကြိုက်ရာက ချစ်သူသောက်ဖို့ စမုံမြစ်ရိုး ထန်းရည်ကို နေ့စဉ်ရှာတိုက်ရသည်။ သည်လိုနှင့် ဖွားချမ်းသာကိုယ်တိုင် ထန်းရည်ကြိုက်ရာက ထရေ(ထန်းရည်)မူးလာပြီ ဆိုလျှင် ကြမ်းကြမ်းတမ်းတမ်း ဆဲတတ်သည်ဆို၏။ ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ တောင်းပန်လိုက်တော့လည်း စိတ်သန့်ရမြဲပင်။

သည်အဖြစ်က လွန်ခဲ့သော သုံးနှစ်လောက်က ဖြစ်ခဲ့သည် ဆိုသော်လည်း တိုးစိန်က သတိရတိုင်း ခေါင်းတစ်ခြမ်း ကိုက် တယ်ဆိုတာမျိုး သတိရတိုင်း ပြောလေ့ရှိသည်။ တစ်ခါတစ်ရံ အမေဂျမ်းခေါ် ဖွားချမ်းသာ၊ ဖွားချမ်းသာ၏ အစ်မ မလုံးပြည့်၊ ဖွားချမ်းသာ၏ညီမ မပြည့်သာတို့ ညီအစ်မ သုံးယောက် အကြောင်းတွေ တွတ်ပွ တွတ်ပွ ပြောနေတတ်လို့ မဗိုင်းတောင့် ငေါက်ရတာများပြီ။

“ဖွားချမ်းသာက ထရေအိုးရွက်ပြီး ကိုတက်ခါးရှိရာ အင်းဝ နန်းတော်ကို လိုက်သာကိုး အရီးရဲ့။ ကိုတက်ခါးက အင်းဝနန်းတော်မှာ ရွှေတိုက်စိုး ဖြစ်နေသာတဲ့။ ဖွားချမ်းသာက တံခါး စောင့်တွေကို နန်းတွင်းမသွင်းရ ကောင်းလားလို့ ဆရာက တံခါးစောင့်တွေ သတ်လို့ သေရသာ ကျုပ်သိပါ့”

ဒွေးပန်းကုံးတို့ ၀ိုင်းတိုက်ဆီကကြားလာတာတွေ ပြန်ပြော ရင်း သူလည်းအမေဂျမ်းလို ရွှေတောင်ရွာသူဖြစ်ခဲ့သလိုလိုပြော တာမျိုးလည်းရှိသည်။ ဖွားချမ်းသာ နတ်ပင့် သီချင်းတွေ ဆိုပြ တာလည်းအဟုတ်။
“ရွှေတောင်ရွာသူxxxတက်ပြားသဒ္ဓါတူလို့xxxမယ် ချမ်းသာ ဖြူဖြူဖွေးxxxအေးမြသီတဂူxxxမြူအိုးရယ်ဆူxxx ဖြူပေကွယ့်လဲ့သမ်းxxxငှက်ခါးတောင် ထရေခါးရယ်နဲ့ ဆီးကြိုလှည့်စမ်း”

မဗိုင်းတောင့်မှ မဟုတ်။ ထနောင်းပင်လှမှာ တိုးစိန်ကို အားကိုးကြရသည်။ ဆိုးဆိုးဆတ်ဆတ် ရှိလွန်းလို့ အရေးရှိတိုင်း တိုးစိန်ကို ရှာကြရသူတွေချည်းပင်။ တိုးစိန်ကလည်း ဘယ်သူ ကခိုင်းခိုင်း ငြင်းသည်မရှိ။ လုပ်နိုင်တာ လုပ်ပေးသည်။ မီးနေ စောင့်၊ လူမမာစောင့်ကအစ ရေခပ်ထင်းခွဲ မကျန်လုပ်ပေးရှာ သူဆိုတော့ စက်ကျရာမှာ ပျော်နေတတ်သည်။ ဘုရားပွဲ၊ ကျောင်းပွဲတွေမှာ အကြော်ဆိုင် ထွက်ဖို့ ရှိလာတော့လည်း မဗိုင်းတောင့်  အိမ်ကိုအပြေးအလွှား ရောက်လာတတ်ပါ၏။ မဗိုင်းတောင့်က တိုးစိန်ကို တောထည်ကလေး၊ သရက်ထည် ပွင့်ရိုက်ထည်ကလေးတွေ ဆင်ရသည်။ လက်လှည့် သုံးလိုတော့ လည်းပေးသည်။ လုပ်ခရယ်လို့ မဟုတ်ဘဲ မနစ်နာအောင်ပေး တာမျိုးလည်း ရှိသည်။ တစ်ခါတစ်ရံ ကျုပ်ခေါင်းတစ်ခြမ်း ကိုက်သယ်ဆိုတာမျိုးက လွဲလို့ တိုးစိန်ကြောင့် ၀န်ပိုရသည်မရှိ။ အားကိုးရတာပဲရှိတော့ မဗိုင်းတောင့်ကလည်း တိုးစိန်ကို ချစ်ခင်ရှာပါ၏။

တိုးစိန်ကို မဗိုင်းတောင့် ငေါက်ရဖူးသည်။ မနှစ်ကထင် ပါရဲ့။ တိုးစိန် တောင်ချောင်ကို သွားရာက အပြန် မဗိုင်းတောင့်ကို တစ်မျိုး ပြောပြန်လို့ဖြစ်၏။ ရိုးရာပျောက်နေတာခုမှ တောင်ချောင်က မမအုန်းကျင် ပြောလို့ ပြန်ပေါ်လာသတဲ့။ ဘာရိုးရာ တုံးဆိုတော့ အမေ ရွှေပုနတ်လို့ဆိုသည်။ မမအုန်းကျင်တို့ ၀ိုင်းတိုက်က မြင်းခြံနယ် ခေါင်းကွဲဘက်က ဖြစ်လေတော့ သူတို့ ရိုးရာနှင့် သူတို့ ရှိပါလိမ့်မည်။ တိုးစိန်က ဒါကိုကြား လာပြီး ပြောခြင်းဖြစ်၏။

“အမေ ရွှေပုမယ်က ဘုရင့် မိဖုရားကိုး အရီးရဲ့။ သူ့ မောင် တော်စဂဒိန်(စက္ကတိန်)အမတ်နဲ့ တိုင်းပြည်က အနှင်ခံရတော့ လွမ်းစေတီတည်သာ။ ဘုရင်က ဆင်တော်နဲ့ ဖမ်းရာမှာ ဆင်ပေါ် ကပြုတ်ကျပြီး ခေါင်းကွဲကရော။ ခေါင်းကွဲရာက နတ်ဖြစ်လို့ ခေါင်းကွဲနတ်လို့ ခေါ်သာ”

“အဲသာ ညည်းနဲ့ဘာဆိုင်လို့တုံးတိုးစိန်ရဲ့။ ညည်း မိဘများ မိဆိုင် ဖဆိုင်နတ်က ပခန်းကိုကြီး ကျော်ပါအေ။ ငါတို့ မသိဘဲလား။ တစ်သက်လုံး ညည်းမိဘများ ကိုကြီးကျော်ပွဲ တင်နေကျဟာကို”

“ဟုတ်ကဲ့လား။ မမအုန်းကျင်ဆိုပြတဲ့ သီချင်းက ကောင်းသယ် အရီးရဲ့ ဘာတဲ့။ လွမ်းစေတီ တည်မိတဲ့ အရေးမကြင်သ နော် ဆင်တော်နဲ့ ဖမ်းပြန်ရင်းxxxနန်းဆန်သူ လှယမင်း ဆင်တော်နင်းလို့ခဒါ(ခန္ဓာ)ကြွေ ဆိုလား”

တိုးစိန်က လူကသာ မရူးမကောင်း၊ ရလိုက်သည့် နတ်သီချင်းတွေဆိုတာ ဆူဆူဝေလို့။ ထူးတာက သည်ဘက်နှစ် တွေမှာ တိုးစိန် နတ်ကြောင်းရယ်လို့ ပိုးပိုးပေါက်ပေါက် မပြော ပြန်။ ခေါင်းတစ်ခြမ်းလည်း မကိုက်တော့။ တစ်ခါတစ်ရံ ဇာတ်ပွဲက ရလာသောသီချင်း၊ တစ်ခါတစ်ရံ နတ်ပွဲကကြား လာသော သီချင်းတွေ ညည်းတတ်သလောက် ညည်းတာ ကတော့ ပါးစပ်နှင့် ပြတ်သည်မရှိ။ တိုးစိန်ရှိတော့ မဗိုင်းတောင့် လက်တိုလက်တောင်း ခိုင်းရသည်။ တူဝရီးနှစ်ယောက် တိုးတိုး ဖော်ကလေးရလို့ အားလည်း ကိုးရပါ၏။ လှံရှိတော့ ဓားနေ သာ၊ ဓားရှိတော့ လှံနေသာသလို အချင်းချင်း မှီရပါ၏။

မဗိုင်း တောင့်က သူ့ကြီးတော်က မွေးသော ဇီးမ၏ကလေး တစ်နှစ် တစ်ဝါ ထိန်းပေးပါဆိုလို့ပါအေ ဆိုသည့် စကားကို တိုးစိန်ယုံ ရှာသည်။ စပ်စုတာတော့ ရှိသည်။ ကလေး ဖအေက ဘယ်ရောက်လို့တုံး။ ဇီးမနဲ့ သူ့လင်က ဘာဖြစ်လို့ကွဲကြတာတုံး၊ သူတို့ရွာကဆွေမျိုးတွေက ဘာဖြစ်လို့ တာဝန်မယူကြတာတုံး။ မဗိုင်းတောင့်က တိုးစိန်ကို ရေလည်အောင် ပြောပြရပါ၏။ တိုးစိန်က “ရွာ့မောင်း” မဟုတ်လား။ အားချိန်တွေမှာ အိမ်ပေါက်စေ့ ရောက်သူဆိုတော့ ရွာက ကြားစေချင်သည့် စကား တွေ ထည့်ပေးရသည်။

“အရက်သမားနဲ့ ညားသာကိုးအေရဲ့။ တစ်နေ့တစ်နေ့ ရမယ်ရှာပြီး အရိုးကွဲအောင်ရိုက်နေတော့ ငါ့ညီမခမျာ ဘယ်ခံ နိုင်မှာတုံး။ ကွဲကြတော့ ကလေးနဲ့ လုပ်စားလို့ကလည်း မဖြစ် လင်ကလည်း ကလေးကိုဇွတ်လုနေတော့ ပွဲညတုန်းက ကလေးကိုခေါ်ထားပေးပါအစ်မရယ်။ ကျုပ် တစ်နှစ်တစ်ဝါ ပိုက်ဆံထွက်ရှာစမ်းပါရစီတဲ့။ ငါ့မှာ ကလေးသားမြေး မရှိတော့ ကျွေးနိုင်မွေးနိုင် ရှိသယ်ရယ်လို့ အပ်ထားခဲ့သာပေါ့ တိုးစိန်ရယ်။ ငါကလည်း ဘယ့်နှယ့်လုပ်ငြင်းမတုံး”

“ကလေးနာမည်က ဘယ်သူတဲ့တုံးတော့်”

“မမေးခဲ့မိပေါင်အေ။ မိုးတွေက တအုန်းအုန်းရွာနေတော့ သူလည်း ကတိုက်ကရိုက်၊ ငါလည်း ဒရွတ်သိုးသီနဲ့။ ဇီးမလည်း ငါ့ဆီ ကလေးထိုးထည့်ပြီးသာနဲ့ အဖော်တွေနဲ့ ပြေးက ရော။ ငါက ကလေး နာမည်ကို ၀ါခေါင်မိုးလို့ ပေးထားသယ်။ ၀ါခေါင်လ ၀ါခေါင်ပွဲမှာ မိုးကြီးလေကြီး ကျတဲ့ အထဲက ရခဲ့တဲ့ ကလေးကိုးအေ့”

“ကျုပ်အမေက ကျုပ်ကို တော်သလင်းလကြီးမွေးသာ အရီးရဲ့။ ညည်းမွေးတုန်းကအေ တော်သလင်းနေပုစွန်သေ ပူလိုက်သာ ကျိုက်ကျိုက်ဆူလို့ လို့ပြောဖူးသယ်။ ကျုပ် ကျတော့ အမေက တော်သလင်း နေလို့ မမှည့်ခဲ့ပေါင်တော်”

“တိုးစိန်ရယ် ငါပြောမယ်၊ သည်ကလေးက ငါ့ညီမက မွေးတဲ့ ငါ့တူမ။ ညည်းအဖို့ရာလည်း တူမလေးလို့သာ သဘောထားတော့။ ကလေးမအေ ပြန်မလာမချင်း ညည်းရောငါရော သည်ကလေး အသွေးလှအောင် မွေးကြဖို့ရှိသာပဲ။ ငါ့တူမလေး စောင့်ရှောက်ပါအေ”

“စိတ်ချပါ အရီးရယ်။ ကျုပ်က လင်မရလို့ ကလေး မရဖူးသာ ရှိသာပါ။ ကလေးများ မွေးတတ်ပါ့”  

သည်လိုနှင့် မနက်ဘက် အကြော်ထွက်ကြတော့ ကလေးပါ ပိုက်ခဲ့ကြရသည်။ အကြော်တဲနားမှာ ညောင်သုံးပင် ရှိသည်။ အကြော်ညှော် လွတ်လောက်သည့် ကပ်လျက် ညောင်ကိုင်းမှာ ပုခက် ဆင်ရသည်။ တိုးစိန်က ကလေးထိန်း၊ ကလေးချော့။ ဇာတ်သီချင်းတွေလည်း ပါ၏။ နတ်သီချင်းတွေလည်းပါ၏။ မဟုတ်ကဟုတ်က ဟိုတစ်စ သည်တစ်စလုပ်ကြံကာ လက် တန်းဆိုသည့် သီချင်းတွေလည်း ပါပါ၏။ မဗိုင်းတောင့်ပင် အကြော်ကြော်ရင်းက ရယ်ရတာတွေများပြီ။ တစ်ခါတ လေလည်း နိမိတ်မရှိနမာမရှိ ဆိုနေလို့လှမ်းငေါက်ရသည်။

“ညည်းအမေဇီးမ လက်ဖက်ခူးသွား၊ အတက်များ စူးရော သလားအေ။ ဖအေက အရက်သမား ခက်များခက်ရပေ။ ဟဲ့-အကောင်ရဲ့။ ကလေး လုမယ်မကြံနဲ့ နသံသီး(နားသန်သီး) နဲ့ ကိုဘိုကေ။ ကလေးချော့ရတာက ငါပါအေ... တော် သလင်းနေ ပုစွန်သေ ၀ါခေါင်မိုးရဲ့အမေ”

“မဟုတ်ကဟုတ်ကအေ။ ငါထင်းချောင်းနဲ့ လှမ်း ပစ်လိုက်မနော်”

တစ်ရက်တော့ ဆွမ်းခံပြန်ချိန်လောက်မှာ ဂျီးပုတု အကြော် တဲကို ရောက်လာခဲ့သည်။ တိုးစိန်က လူပါးချိန် ဆိုတော့ ကလေး ပွေ့ရင်းရွာထဲ သွားနေသခိုက် ဖြစ်ပါ၏။ အကြော်မီးကလည်း ငြှိမ်းပြီးပြီ ဆိုတော့ အကြော် ကျန်ကလေး ထိုင်ရောင်းရုံသာ။ ဂျီးပုတုက အကြော် အေးအေးကလေး တစ်ဖဲ့မြုံ့ရင်းက ရေနွေး ကြမ်းတစ်ခွက် နှစ်ခွက်သောက်သည်။ ညောင်ပင်ကိုင်းက တွဲ လောင်းကျနေသည့် ပုဆိုးဟောင်း ပုခက်လွတ်ကို လှမ်းကြည့်သည်။

“ကလေးကော”

“တိုးစိန် ရွာထဲခေါ်သွားသယ်။ ကျုပ်မလဲ တိုးစိန်ရှိလို့ သာပါဂျီး ပုတုရယ်။ သည်အရွယ်ရောက်မှ ကလေးတစ်ကောင် နဲ့ဆိုတော့ ကသီတော့ကသီသား”

“ညည်းဒါကြောင့် ငါက လင်ယူလို့ ပြောသာပေါ့အေ့။ ညည်းအမေညက အိပ်မက်ပေးလို့ ငါထလာသာ။ အခုညည်း မွေးထားတဲ့  ကလေးက ဘယ်သူတဲ့”

“၀ါခေါင်မိုး”

“အေး- ငါ့အိပ်မက်ထဲ ညည်းအမေကိုယ်တိုင် ပီပီသသ ကြီးပြောသာပါအေ။ မယုံမရှိစမ်းပါနဲ့ မပုရယ်တဲ့။ ဗိုင်းတောင့် ကိုကျုပ်မွေးတုန်းက မင်းသမီး ဓာတ်မပါပေသိ အခု ဗိုင်းတောင့် မွေးစားထားတဲ့ ကျုပ်မြေးလေးတော့ မင်းသမီးစိတ် သွင်းပေးရမတဲ့။ ညည်းအခု မွေးထားတဲ့ ကလေးမလေး မင်းသမီးဇ မပါရင် ငါ့ကိုပြောချင်တိုင်း ပြောလှည့်”

“မဟုတ်တဲ့စကားပြောရော့မယ် ဂျီးပုတုရယ်။ သူငယ်များ ပြန်ရော့လား”

“ဘယ့်နှယ့် မဟုတ်ရမှာတုံးအေ့။ ညည်းအမေက တစ်ပွဲက၊ နှစ်ပွဲက ခုတင်ထိုးရ ရွာ့မင်းသမီးကလေး ဖြစ်ခဲ့ဖူးသယ်။ တခြား ရွာသွားကရင် ငါက ညည်းအမေ ဇာတ်ဖာရွက်ပြီး လိုက်ခဲ့ရသာ။ ညည်းအမေရဲ့ အဖေ ညည်းအဘက စိတ်က အင်မတန် ခက်ထန်သယ်။ ဒါပေသိ သူ့သမီးကလေး တခြား ရွာက မင်းသမီး အငှားလာရင် လှည်းနောက်ကနေ မြင်းစီးပြီး လိုက်ပို့သေးသာ။ ကမယ့်ရွာရောက်မှ လှည့်ပြန်သာအေရဲ့”

“ဟုတ်ကဲ့လား ဂျီးပုတုရယ်၊ ကျုပ်ဖြင့် သည်အရွယ်သာ ရောက်ကရော မကြားမိပါဘူး”

“လွန်ခဲ့တဲ့ နှစ်ခြောက်ဆယ်လောက်က ကိစ္စပါအေ။ရွာမှာတောင် သည်အကြောင်းသိသူ ရှားပါပြီ။ ညည်းအမေ ဆယ့်လေး နှစ်သမီးက တောမင်းသမီး ဖြစ်ခဲ့သာ ဆိုတော့ ကြာပြီ ကော ဗိုင်းတောင့်ရဲ့”

“အဖေကလည်း မပြောဖူးပါလား ဂျီးပုတုရယ်”     

ဂျီးပုတုက စကားများများ ပြောရလို့ မောသွားသလို အသံ မထွက်ပြန်တော့။ လက်ထဲက စားလက်စမုန့်တစ်ဖဲ့ကို ခပ်ဝေး ဝေးလှမ်းပစ်လိုက်သည်။ ကျီးကန်းတစ်ကောင်က ညောင်ပင် ကိုင်းပေါ်က ရုတ်ကနဲထိုးဆင်းလာပြီး မုန့်စကို လှစ်ကနဲ ထိုးသုတ် သွားလေ၏။ ဒါကို ဂျီးပုတုရော မဗိုင်းတောင့်ပါ မြင်လိုက်ရ သည်။ ဂျီးပုတုက တော်တော်ကြီးကြာမှ စကားဆက်ပါ၏။

“ညည်းအဖေက တစ်ရွာသားကိုးအေရဲ့။ ညည်းအမေနဲ့ တော်တော်ကြီး ကြီးမှ ညားကြသာ။ နေဦး ညည်းအမေ အကြောင်း ပြောဦးမယ်။ ထိတ်စရာလန့်စရာ လည်းကောင်း ပါရဲ့။ အဲသည်ကတည်းက ညည်းအမေခမျာ မကလိုက်သာ ဘ၀ကုန်တဲ့ အထိပါပဲအေ။ ကများကရင် နာမည်ကြီးလှပေါ့”

“ဘယ်လိုဖြစ်လို့တုံး ဂျီးပုတုရဲ့”

“ညည်းအမေ ၀ါသနာကိုစွန့်သာများ ကျီးကန်းမုန့် သုတ်သာကမှ နှေးသေးသယ်။ ဖြစ်ရပုံက သည်လိုအေ့။”
(ဆက်လက်ဖော်ပြပါမည်)


ခင်ခင်ထူး
(ရွှေအမြုတေ မဂ္ဂဇင်း၊ဖေဖေါ်ဝါရီလ ၂၀၁၂

Current Shwe Magazine



Current Teen Magazine

Academy Special Edition


This Week's Ray of Lights


1 comments:

Unknown said...

Pdf လေးလိုချင်လို့ပါ

Post a Comment