Wednesday 1 February 2012

အာရှရွှေကျား တစ်ကောင်ဖြစ်ဖို့ရာတွင်

သိသာ မြင်သာသည့် အရှိန်အဟုန်ဖြင့်  ပြောင်းလဲခြင်းများက တစ်ကမ္ဘာလုံးရှိ စီးပွားရေး
လုပ်ငန်းရှင်များကို လှုပ်နှိုးနိုင်ခဲ့ပြီဖြစ်သည်..... ပြု ပြင် သင့် သည် များ ကို ပြု ပြင် .....
ပြောင်းလဲ သင့်သည်များကို ပြောင်းလဲလိုက်သဖြင့် တိုးတက်ဖွံ့ဖြိုးစေမည့် အဖူး အငုံများက
ဖူးပွင့်  စွင့် အာ နိုင် ရန်  တာဆူနေပြီ ဖြစ်တော့သည် ....
မြန်မာနိုင်ငံသို့ မကြာမီက လာရောက်သွားခဲ့သော  ကမ္ဘာ့ငွေကြေးရံပုံငွေ အဖွဲ့ကြီးကပင်
ကြွယ်ဝသည့် သဘာဝ အရင်းအမြစ်များ ...ငယ်ရွယ် ပျိုမျစ်သည့် အလုပ်အင်အားစုများ ..
စီပွားရေးဖွံ့ဖြိုးနေသည့် နိုင်ငံအချို့နှင့် နီးစပ်နေမှုများက မကြာသောကာလတွင် စီးပွားရေး
အင်အားကြီးသည့်  နိုင်ငံတစ်နိုင်ငံဖြစ်ပေါ်လာနိုင်သည့်  အခြေအနေတွင် ရှိနေသည်  ဟု
ကြိုတင် ဟောကိန်းထုတ်သွားခဲ့ပါသည်.....
မှန်ပါသည်.. ယခုပုံစံအတိုင်း  ပြုပြင် ပြောင်းလဲမှုများကိုသာ  လက်ကိုင်ပြုသွားမည်
ဆိုခဲ့ပါမူ စီးပွားရေးပညာရှင်များ မှန်းစထားသည့်အတိုင်း မြန်မာနိုင်ငံသည် အချိန်တို
အတွင်း အာရှ၏ နောက်ထပ် ကျားတစ်ကောင်ဖြစ်လာမှာ  အသေအချာပင် ဖြစ်တော့သည်....
မကြာမီကာလက မြန်မာနိုင်ငံသို့ ခဏ အလည်အပတ်ပြန်ရောက်လာသော စင်္ကာပူ
နိုင်ငံတွင် အင်ဂျင်နီယာလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦး၏ ပြောပြချက်အရ စင်္ကာပူ
နိုင်ငံမှ ဦးဆောင်အဖွဲ့များပင် မြန်မာနိုင်ငံ၏ စီးပွားရေး စီမံကိန်းကြီးများကို မျက်ခြေ
မပြတ် စောင့်ကြည့်ပြီး စီးပွားရေး  ယှဉ်ပြိုင်နိုင်ရန် တာစူနေရပြီ ဖြစ်သည်........
စီးပွားရေး ယှဉ်ပြိုင်နိုင်ရန် အလို့ငှါ သတိထား စောင့်ကြည့်ရသည့် အနေအထား
သို့ပင် ဆိုက်ရောက်နေပြီဖြစ်သည်.....

သိသာမြင်သာသည့် လက်ရှိအကျိုးဆက်များအရ အချိန်တိုအတွင်း အမိရွှေမြန်မာသည်
အာရှ၏ ကျားတစ်ကောင်ဖြစ်လာပါတော့မည်...
သို့သော်..... ရေရှည် ရွှေကျားတစ်ကောင်ဖြစ့်ဖို့ ဆိုခဲ့ပါမူ......
ပြုပြင်ပြောင်းလဲမှုများကို အကျွန်ုပ်တို့အားလုံးက စတင်ရပါလိမ့်မည်.....
ကျွန်ုပ်တို့ နှစ်ပေါင်းများစွာ အရိုးစွဲလာသော လူနေမှု အကျင့်စရိုက် ...
အလေ့အထ... စိတ်ဓာတ်များကို စတင် ပြုပြင် ပြောင်းလဲကြရပါမည်...
နိုင်ငံကြီးသားတို့ကျင့်သုံးလိုက်နာရမည့် ကျင့်ဝတ်များကိုလိုက်နာစောင့်ထိမ်းကြရပါမည်.....
ကိုယ်ကျင့်တရားများကို တန်ဘိုးထားကြရပါမည်..
မနာလို မရှုစိတ် ၀န်တိုမှုတို့ကို ဖယ်ခွာကြရပါမည်..
တာဝန်သိစိတ်..တာဝန်ယူမှုတို့ကို ကြိုးစားအားထုတ်ရပေလိမ့်မည်...
သို့မဟုတ်ပါမူ....
အိတ်ပေါက် နှင့် ဖားကောက်သကဲ့သို့ .... ဒုံရင်း..ဒုံရင်း ဖြစ်မှာသေချာနေပါသည်...
အာရှ ၏ ရွှေကျား မဖြစ်ပဲ ... စက္ကူကျားသာ ဖြစ်နေပါလိမ့်မည်.....
ဤနေရာတွင် ဆရာဖေမြင့် ရေးသားခဲ့သော ...
ကုဋေရှစ်ဆယ်သူဌေးသားလို မွဲသွားသည့်တိုင်းပြည် ..ဆို့သည့် ဆောင်းပါး နှင့်
တွေးစ ဆင်ချင်မိပါသည်....
ကုဋေရှစ်ဆယ် သူဌေးသား ဘာကြောင့် မွဲသွားသနည်း ။
ဘိန်းစွဲသဖြင့် ရှိသည့်ပစ္စည်းကုန်သွားသည် မဟုတ် ..လောင်းကစားကြောင့်
ဆုံးရှုံးသွားသည်ဟုလည်း စာမှာမဆို ။ပညာမတတ် ၊ ဗဟုသုတလည်း မရှိ ၊ 
ကိုယ့် အမွေ အနှစ် ပစ္စည်း  ဘယ်လောက် ဘယ်ရွေ့ ရှိမှန်း မသိ ၊ သိတာကို
လည်း မထိမ်းသိမ်းတတ်သဖြင့် လူတကာ လိမ်ညာလှည့်ဖြားတာ ခံရကာ
တောင်းစားရသည့် အဆင့်ထိ ရောက်သွားတာဖြစ်သည်။ 
ကုဋေရှစ်ဆယ် သူဌေးသားလို လူတစ်ဦးချင်းတွေသာ အလျှံပယ် ကြွယ်သည့်ဘ၀မှ
မွဲတတ်ကြသည် မဟုတ်၊  မထိန်းတတ်၊  မသိမ်းတတ်သည့်  အခါ    တိုင်းပြည်လိုက် ၊
လူမျိုးလိုက်  မွဲသွားသည့် တိုင်းပြည်နိုင်ငံလေး တစ်ခုအကြောင်း.....
ပစိဖိတ် သမုဒ္ဒရာအလယ်က သာယာတဲ့ ကျွန်းနိုင်ငံလေး...
ပစိဖိတ် သမုဒ္ဒရာအလယ်ပိုင်း အီကွေတာမျဥိးတန်း၏ အောက်ဘက်နားလေး ကပ်လျက်မှာ
ကျွန်းကလေး သေးသေးတစ်ခုရှိသည်။ နာအူရူး (နောရူး) (Nauru) ဟု ခေါ်သည်။
ဧရိယာ (၈.၁) စတုရန်းမိုင်လောက်ပဲရှိသည်။ ကန့်လန့်ဖြတ်တိုင်းလျှင် အကျယ်ဆုံးနေရာမှာ
(၃)မိုင် လောက်သာရှိသည်။  ကျွန်းသူ/သားတွေဟာ နှစ်ပေါင်းထောင်ချီနေလာခဲ့သည့်
ကျွန်းနိုင်ငံလေးတစ်နိုင်ငံဖြစ်သည်။ ၁၉၆၈-ခုနှစ်တွင် လွတ်လပ်သော နိုင်ငံတစ်ခုဖြစ်လာသည်။
ကမ္ဘာ အသေးဆုံးနိုင်ငံတစ်ခုဖြစ်သည်။
၂၀၁၀-ခုနှစ် စာရင်းအရ လူဦးရေ (၁၀၀၀၀)နီးပါးရှိသည်။
သူတို့ချမ်းသာပုံက .....
မူလကတော့ သူတို့မှာလည်း ဘာမှရှိသည် မဟုတ်။ သူတို့ကျွန်း ပတ်ပတ်လည်မှာက
သန္တကျောက်တန်း၊ ကမ်းခြေ၊ သဲသောင်ပြင်၊ အုန်းပင် နှင့် အခြားအပင်အချို့ပေါက်ရောက်ပြီး
အများစုသည်  ငါးဖမ်း၊ ငှက်ပစ်၊ အုန်းသီးခူးစားပြီးနေထိုင်ခဲ့ကြသည်။ သည်နေရာမှာ 
ရတနာကို စတွေ့သူက ကျွန်းသားများ မဟုတ်။   ပစိဖိတ် ကျွန်းစုများ  ကုမ္ပဏီဟု ခေါ်သည့် 
တိုင်းတစ်ပါး  လုပ်ငန်းတစ်ခုမှ  သင်္ဘောအရာရှိ တစ်ယောက်  ဖြစ်သည်။    
သူက   ကျွန်း လယ် ရှိ ကျောက်ကုန်းခေါင်ခေါင်မှာ  တွေ့ရသည့်  ထူးဆန်းသော 
ကျောက်ခဲတစ်ခုကိုယူလာခဲ့ပြီး ဓာတ်ခွဲကြည့်သည့်အခါအဖိုးတန်ပြီး အရည်အသွေးမြင့်မားသည့်
ဖော့စဖိတ် အရိုင်းတုံးဖြစ်ကြောင်း  တွေ့ရှိခဲ့သည်။   ဤတွင် နာအူရူး ၏ကံကြမ္မာလည်း
ပြောင်းလဲသွားခဲ့သည်။  သည် ဖော့စဖိတ်များသည် မြေသြဇာအဖြစ်အလွန်တန်ဖိုးရှိသလို၊ယမ်းမှုန့်
လုပ်ရာတွင်လည်း အသုံးဝင်သည်။ ဈေးအလွန်ကောင်းသည်။ သို့နှင့် ၁၉၀၆ ခုနှစ်မှစတင်ကာ
နိုင်ငံခြားသားကုမ္ပဏီ လုပ်ငန်းရှင်များက  နာအူရူး ကျွန်းလယ်ရှိ  ဖော့စဖိတ်  ရတနာမြေကို 
နှစ်ပေါင်း(၆၀)ကျော်မျှ တူးဖော် ယူငင်ကာ အကျိုးစီးပွား ကြီးမားစွာ ခံစားခဲ့ကြသည်။
ချမ်းသာခဲ့ကြသည်။
၁၉၆၈-ခုနှစ်၊ တွင် လွတ်လပ်ရေးရသည့်အခါ နာအူရူး သားတွေသည် နေ့ချင်း ညချင်း
ပိုင်ရှင် သူဌေးတွေ ဖြစ်လာကာ အလျှံပယ် ကြွယ်ဝသော ဘ၀ကို ပြည့်ပြည့်၀၀ ခံစား ကြသည်။
လူတိုင်း  အိမ်သစ်  ရာသစ်နှင့်  ရေမီး အပြည့်အစုံနှင့် ၊ တယ်လီဖုန်း နှင့် ခေတ်မီ အိမ်သုံး
ပစ္စည်းမျိုးစုံနှင့် ၊ အခမဲ့ ပညာသင်ကြားခွင့် ၊ အခမဲ့ ဆေးဝါးကုသခွင့် ၊အိမ်တိုင်းမှာ ကိုယ်ပိုင်ကား နှင့် ။ 
ပြည့်ပြည့် စုံစုံ ကြွယ်ဝ ချမ်းသာကြသည်။ပညာရေးဆိုလျှင်အခမဲ့ ပညာသင်ကြားရေးစနစ်။
ကျွန်းမှ စာသင်ကျောင်း၊တက္ကသိုလ်တွင်သာမဟုတ်သြစတြေးလျနှင့် နယူးဇီလန် မှာ 
ကျောင်းသွား တက်ချင်သည် ဆိုလျှင်လည်း တစ်ယောက်စီအတွက် နှစ်စဉ် ဒေါ်လာ သောင်းချီ
အကုန်အကျခံကာ ပို့ပေးသည်။    ၀မ်းနည်းစရာ   ကောင်းသည်က   ကျွန်းအစိုးရက
အားပေးသလောက်  နာအူရူး ကျွန်းသား ပညာတော်သင်  ကလေးများက ထူးချွန်မလာခြင်းပင် ။
ကျန်းမာရေးဆိုလျှင်လည်း ... အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု ၊ ကျွန်းဆေးရုံနှင့် မပြီး
နိုင်ငံခြား  အထူးကု နှင့်ကုရမည်ဆိုလျှင်  သြစတြေးလျသို့ ပို့ပြီး  ကုပေးသည်။  
စင်စစ် သြစတြေးလျက  နီးလှသည်မဟုတ်၊  မိုင်ပေါင်း ထောင်ချီ ဝေးကွာလှသောခရီး ။ 
သည်ခရီးကို  နာအူရူးသားတွေ လမ်းထိပ်က  ကုန်စုံဆိုင်ကို  သွားသလို ဥဒဟိုသွားလာနိုင်ရန်အတွက်
နာအူရူး လေကြောင်းလိုင်းကိုပင် အစိုးရက ဖွင့်ပေးထားသည်။  ဘိုအင်း ဂျက်လေယာဉ်ကြီး 
ငါးစီးနှင့်ပင် သွားကြ ပြန်ကြ ၊ ဈေးဝယ်ကြ။  စိတ်ကူးရှိရာ လုပ်နိုင်သည့် ကာလပင်ဖြစ်သည် ။
လွတ်လပ်ရေးရပြီးနောက် နှစ်(၂၀)တာမျှ ဖြစ်သည့် (၁၉၇၀-၁၉၈၀) ပြည့်နှစ်များ အတွင်း
နာအူရူး သည်   နိုင်ငံအလိုက်  တစ်ဦးချင်းပျှမ်းမျှ   ပြည်တွင်းထုတ်ကုန်   ပမာဏ(ဂျီပီဒီ)တွင်  
ကမ္ဘာအဆင့်မှာပင် (၂)ရှိသည် အထိအထွတ် အထိပ်သို့ ရောက်ခဲ့သည်။ သည်ကာလမှာ
အလျှံပယ် သုံးစွဲနေခဲ့ကြတာ မှန်သော်လည်း တစ်နေ့သောအခါ ကျွန်းပေါ်က ဖော့စဖိတ်တွေ
ကုန်သွားလိမ့်မည်။ အဲသည်အခါ ဆက်ပြီး ချမ်းချမ်းသာသာ နေနိုင်ဖို့အတွက်အရင်းအနှီး
စုဆောင်းကာ အဲသည်အရင်းအနှီးများမှ အကျိုး အမြတ်တွေရနိုင်အောင်လုပ်ထားဖို့ လိုသည်ဆိုတာ
ကို သူတို့လည်း သိခဲ့ကြသည်။  သို့သော် သိသည်  ဆိုသည်က အတိုင်းအတာ အမျိုးမျိုးရှိသည်။
သူတို့နှင့် ကုဋေ  ရှစ်ဆယ်  သူဌေးသား တူသည်က အဲသည်နေရာမှာ ဖြစ်သည် ။
အမှန်အတိုင်းပြောရလျှင် တချို့လူက  ကိုယ်တိုင်က  တစ်ပြားတစ်ချပ်  မရှိ၊ သို့သော်
သူ့ထက် အများကြီးရှိသူကိုအကြံပေး  ဥာဏ်ပေး လုပ်တတ်သည်။   ဘယ်ဟာကို  
ဘယ်လို   လုပ်လိုက်လျှင်  ဘယ်လောက် အကျိုးအမြတ်ရရှိသွားမည်။   ငါက လက်ထဲ
မရှိလို့  ကြည့်နေတာ၊   မင်းလုပ်လိုက်ပါလား ၊   မင်းပိုက်ဆံတွေ ဒီအတိုင်းထားရင်
မှိုတက်သွားမယ် ၊  ပရုတ်လုံးလို   လုံးပါးပါးသွားမယ်။    ကြာလေ တန်းဖိုးလျော့လေ ။ 
အဲဒီတော့   ထုတ်သုံးပြီး  ထုတ်ပြီးရင်းနှီး ၊  အဲသည်က အကျိုး အမြတ်ကိုစား၊ 
အဲသည်လို စည်းရုံးတတ်သည်။
ကုဋေရှစ်ဆယ် သူဌေးသား  မွဲသွားတာ  အဲဒါကြောင့်   ဖြစ်သည်။    
ပညာရည်   မပြည့်ဝတာလည်း  ပါသည် ။ဘာမှ မလုပ်ပဲ ထိုင်စားခဲ့လျှင်ပင် ကုန်မည် မဟုတ်။  
နားမလည်ပဲ   ရင်းနှီးမြုပ်နှံမှုလုပ်တော့ လူလိမ်ခံရသည်။   အနည်းဆုံးတော့ သူများ ဖြတ်စား
လျှပ်စားလုပ်တာ ခံရရင်း ကုန်ရသည်။   နာအူရူး သားတွေ ထိုနည်းအတိုင်းခံရသည်။  
အစိုးရက    နှစ်စဉ် ဖော့စဖိတ်   ရောင်းရငွေထဲမှ   သတ်မှတ်ရာခိုင်နှုန်းတစ်ခု ဖဲ့ယူကာ
အနာဂတ်အတွက် ရန်ပုံငွေ တစ်ခု တည်ထောင်ခဲ့သည်။   တာဝန်ယူ   လုပ်ကိုင်ကြသည့် 
ကျွန်းသား မလယ်မ၀ယ်တွေ၊ နိုင်ငံတကာမှ လူလည်တွေ ။   စာရင်းချုပ်ကြည့်သောအခါ
၁၉၉၀ လောက်က   ဒေါ်လာ သန်း ၁၂၀၀ လောက်ရှိသော ရန်ပုံငွေသည်    နောက် (၁၀)နှစ်  
ကြာသော အခါ    (၁၀)ပုံ   (၁)ပုံ   လောက်သာ  ကျန်တော့သည်။
မူလက စုဆောင်းငွေသည်   မိသားစုတစ်စုလျှင်    ဒေါ်လာ (၂)သန်းဖိုး  လောက်ရှိရာ
တိုင်းပြည်  တစ်ပြည်လုံးသန်းကြွယ် သူဌေးကြီးဟု ဆိုနိုင်သည်။   
အတိုး ကလေးနှင့်ပင်   ထိုင်စားခဲ့လျှင်ပင်   အခြေအနေ   ပျက်လိမ့်မည် မဟုတ်။
ယခုတော့ ...
နာအူရူး မှာ ကျွန်းလယ်ရှိ   ရတနာမြေ တစ်ခုလုံးသည်   ဖော့စဖိတ်တွေ   တူးယူပြီး ၍  
ကျင်းတွေ   ချိုင့်တွေကျောက်စိုင်  ကျောက်ငုတ်ကြီးတွေ နှင့်   ရုပ်ပျက် ဆင်းပျက်
ကျန်ရစ်ခဲ့တော့သည် ။  ကမ်းခြေများမှ သယ်ယူပို့ဆောင်ရင်း ဖော့စဖိတ်မြေ ရေထဲကျသဖြင့်
ကမ်းခြေ ရေတိမ်ပိုင်းမှာ ငါး  နှင့် အခြား ရေသတ္တ၀ါ   အမြောက်အများ သေကျေ ပျက်စီးခဲ့ရပါပြီ။  
အစိုးရမှာလည်း ၀င်ငွေ မရှိတော့သဖြင့် အလုပ်လက်မဲ့ဦးရေ ၉၀%လောက်အထိပင် ဖြစ် ပျက်ခဲ့သည်။
ယခင်က ဖောဖော  သီသီ  ၀ယ်ခြမ်း စားသောက်ခဲ့သော နာအူရူး သားတွေမှာ ယခုအခါ 
စာနပ်ရိက္ခာသာမကသောက်သုံးရေပါ အခက်အခဲ ရှိလာတော့သည်။သည်ထက်ပို၍
ခက်ခဲသည်က လျှပ်စစ်ဓာတ် နှင့် လောင်စာစီပြသနာပင် ။ ယခုတော့ ပြသနာပေါင်းစုံ
ဖြေရှင်းနိုင်ဖို့ နိုင်ငံတကာက အကူအညီတွေကို  လက်ဖြန့်  တောင်းခံနေရပါပြီ။  
သည်ကြားထဲ ကျွန်းသားတွေ ခံစားနေရသည့် ဒုက္ခတစ်ခုရှိသေးသည်။
ကျွန်းသား(၁၀၀)မှာ (၉၀)လောက်က အ၀လွန်နေခြင်းဖြစ်သည်။ ကောင်းစားစဉ်ကာလ က
အတော်စား ခဲ့ကြသည်ကိုး ။ အ၀လွန်ခြင်းနှင့် ဆက်စပ်ကာ ဆီးချို၊ ကျောက်ကပ်၊ နှလုံး၊
သွေးတိုး ဖြစ်ပွားနေသူများ ကလည်း အလွန်များနေသည်။  လူဦးရေ၏ ၄၀% မှာ
ဆီးချိုရောဂါစွဲကပ်နေပြီဖြစ်သဖြင့် ကမ္ဘာပေါ်တွင်   ဆီးချိုရောဂါ ဖြစ်ပွားနှုန်း
အများဆုံး အမြင့်မားဆုံး တိုင်းပြည် နိုင်ငံအဖြစ် စာရင်းပေါက်နေလေပြီ။
သည်ရောဂါတွေနှင့် အတူ သက်တမ်းတွေလည်း တိုကုန်နေကြပြီ။
အဲ့သည်တော့ နာအူရူး သားတွေ တိုင်းပြည်ရော လူမျိုးရော အဓွန့်ရှည်ဖို့ဆိုလျှင်
ကောင်းစားစဉ် ကာလကပျက်ခဲ့သော   အမူ  အကျင့်  အနေအထိုင် အသုံးအဖြုန်းတွေ
အားလုံးကို ပြန်ပြင်ဖို့ လိုနေပေတော့သည် ။
သို့မဟုတ်လျှင်တော့ ...
ကုဋေရှစ်ဆယ် သူဌေးသားလို ဇာတ်သိမ်းမလှ ဖြစ်ရဖို့ များနေပေတော့မည် ။
ဤသည်က နာအူရူး (နောရူး) (Nauru) ကျွန်းနိုင်ငံလေး၏ အဖြစ်အပျက်များပင်ဖြစ်တော့သည်....
နာအူရူး (နောရူး) (Nauru) ကျွန်းနိုင်ငံလေး၏ အဖြစ်အပျက်များကို စံနမူနာယူရင်း ...
ကျွန်ုပ်တို့၏ အမိရွှေမြန်မာနိုင်ငံ  ....
အာရှ ၏ ကျားတစ်ကောင်ဖြစ်ဖို့ ဆိုမူ ...
ကျွန်ုပ်တို့  မြန်မာနိုင်ငံသူ/သား အားလုံး က စတင် ပြုပြင်ပြောင်းလဲကြပါစို့ဟု ဆန္ဒပြုရင်း .....
ကျွန်ုပ်တို့   မြန်မာနိုင်ငံသူ/သား အားလုံးမှာ တာဝန် ကိုယ်စီ ရှိပါသည်......

 အသိပေးအပ်ပါသည်။    ။၍ပို့စ်သည် ဧဒင်ဥယျဉ်တွင် ဘကြီးအောင်ရေးခဲ့သောပို့စ်ဖြစ်ပါကြောင်း။

0 comments:

Post a Comment