Monday 9 January 2012

ကျွန်မရဲ့ သူရဲကောင်း



တက္ကသိုလ်ဆိုတဲ့ နန်း
တက်လှမ်းမယ်ဆိုတုန်းက
ပြုံးမြသွားတဲ့ အဖေ့မျက်နှာ
တစ်သက်စာ ရင်မှာမှတ်မိနေပါရဲ့။
                 


ဘာကြေးညာကြေး
အခါခါပေးဖို့ တောင်းဆိုတော့
ခေါင်းမော့လို့ လက်မထောင်
ခါးကော့အောင် ကျူံးရုန်းရှာပြီး
ကြိုးစားဟဲ့ ငါ့သမီး
ပညာတတ်ကြီး ဖြစ်စေဖို့တဲ့
တစ်ချက် မညည်း
ကြက်သီးများတောင် ထမိပါရဲ့။

အဖေ “ကျောင်းမှာလေ” လို့
ဖြစ်ရပ်တွေ စာဖွဲ့
ဟန်နဲ့ပန်နဲ့ ပြောရင်
“ဟေ” ”ဟုတ်လား” “တဟားဟား”နဲ့
သဘောတွေကျ
ဗဟုသုတ ရသကွာလို့
မကြာမကြာဆို
သကာလိုချိုတဲ့ အဖေ့အသံလေး
ပြန်တွေးမိတိုင်း မျက်ရည်ဝိုင်းရဲ့။

တဖွဲဖွဲတက်
မစဲဘဲ မရပ်တော့တဲ့“ကုန်ဈေးနှုန်း”အောက်မှာ
အိပ်မက်တွေ ကယောက်ကယက်
ဆန္ဒတွေ ပျောက်မတတ် ဖြစ်ခဲ့ရပေမယ့်
ချွေးစက်တွေ အများအပြားနဲ့
မရပ်မနား ခရီးဆက်
သမီးအတွက်ရယ်လို့ ရည်စူးပြီး
ခေတ်ကြီးရဲ့ စိန်ခေါ်မှုကို
တိမ်ပေါ်ထုအထိ တက်ထိုင်
တစ်ချက်မငိုင် ယှဉ်ပြိုင်ရဲပုံများ
ရင်အစိုင်ထဲမှာ
အစဉ်ခိုင်မြဲစွာ ရှိလှပါရဲ့။

သြော်-
ကျွန်မရဲ့ အဖေ
ဘ၀ရဲ့နွေထဲမှာ ကံကြမ်္မာရိုက်ချက်
မည်သို့ပင် ခါးသက်ခဲ့လည်း
မပျက်အပြုံးနဲ့
တစ်သက်လုံး ရင်ဆိုင်ပြီး
သမီးလက်ကို ကိုင်ဆွဲ
တိုက်ပွဲပေါင်းများစွာ ၀င်ခဲ့တာ
အောင်ပွဲများစွာ ဆင်ခဲ့တာကို
နပိုလီယန်နဲ့ ဗန္ဓုလ
သူတို့က တမလွန်ကနေ ခဏလာပြီး
အဖေ့ကို ဦးညွတ်ကြမယ်တဲ့လေ
အဖေ့ကို ဦးညွတ်ကြမယ်တဲ့။ ။

သစ္စာခင်

1 comments:

မြိုင်သားလေး said...

ကျွန်တော်တော့ဒီ ကဗျာလေးကိုကြိုက်ပါသည်။

Post a Comment