Sunday 15 January 2012

တောမင်းသမီး

“ကျွန်မ သဘော ကလေးတော့ အေးအေးဆေးဆေး ပြောပြချင်...လင်မယူ အပျိုကြီး လုပ်မယ့် ရွက်အုပ်သီး ကလေးတင်တင်... မေတ္တာနာ ၀ါလှေယာဉ်... ရေဇလာ ၀ဲသြဃ လားလားမှ မကူး ၀ံ့သူပါ သခင်...

သုံးစလောင်း ကုန်မှ ပြောင်းမှန်း သိတဲ့အသွင်... ကျွန်မကို ချစ်ခင်မေတ္တာ ဖက်လျှင်. ...အမေ့နား ပေါက်အောင် ရွှေစကား တောက်လှည့်ပါရှင်.... အလို မောင်မောင်ဆန်းရဲ့ အို-ကြောင်တောင် ကန်းသကွယ့်...ကျွန်မလှတာ မမြင်ဘူး လားဟင်...မေတ္တာကြည်ဖြူ အကြောင်းတူမျှ လျှင်တော့... အံဖုံးချနှိပ် သော့ခတ်ပိတ်လို့ မရနိုင် ပေါင်ရှင်....အတိုးဝေမျှ ရိုးမြေကျ ....ပေါင်းရုံပ ပျို့ဒါလင်”

၁။ ၁၃၁၃-ခုနှစ်၊ ၀ါခေါင်လ။ မိုးကောင်းကင် တစ်ခွင် တစ်ပြင်လုံး ချိပ်ရောင်၊ ရှားရောင်၊ ကျီးအာသီး အူရောင်ထလျက် ညို့ညို့ကြီး ပိန်းနေလေ၏။ မဗိုင်းတောင့်က ပါးစပ်ထဲက ကွမ်းတစ်ယာ မညက်ခင် ကောင်းကင်ကို ထွက်ထွက် ကြည့်ရတာပင် သုံးခါလား၊ လေးခါလား ရှိပြီ။ ညောင်ခါးရွာ သုံးဆူ ဘုရားပွဲမှာ ပွဲကြည့်ချင်စိတ် ၀င်နေကြ လေတော့ ထနောင်းပင်လှ တစ်ရွာလုံးက ကလေး၊ လူကြီး မိုးကောင်းကင်ကို မော့မကြည့်သူ မရှိ။ ရွာလိမ့်မယ်နဲ့ တူပါရဲ့၊ မရွာလောက်ဘူး ထင်ပါရဲ့။ စိတ်နှစ်ခွ ဖြစ်ရတာလည်း မပြောနှင့်။ မိုးဆိုတော့လည်း ပြောဖို့ ခက်သားပင်။ မိုးဖျက်လို့ ဘုရားပွဲ၊ ဆွမ်းပွဲ မပျက်သော်လည်း ရွာတွေမှာ လာကကြသည့် ကြည့်ချင်ပွဲ ပျက်ရတာ များပြီ။ ရန်သူမျိုး ငါးပါးဖောက်လို့ ပွဲမှောက် ခဲ့ရတာ များပြီ။ ထနောင်း ပင်လှနှင့် ညောင်ခါးက နှစ်တိုင် ပျော့ပျော့လောက် ဝေးသော်လည်း ရေမြေ တစ်စပ်တည်းဆိုတော့ ထနောင်းပင်လှ မိုးညို့လျှင် ညောင်ခါးလည်း မိုးညို့လိမ့်မည်။ ထနောင်း ပင်လှမှာ မိုးရွာတော့ ညောင်ခါးမှာလည်း ရွာနေကျ။ အနီးအနား ရွာတွေကလည်း မထူးပါ။ ၀ါခေါင်လ ၀င်ပြီ ဆိုတာနှင့် ကောင်းကင်ကို အကဲခတ် နေကြသည်ချည်း ဖြစ်၏။ ဘယ်ရွာမှာပဲ ပွဲရှိရှိ မိုးလေ ကင်းလွတ်မှ ပွဲကောင်းကောင်း ကြည့်ကြရမှာ မဟုတ်လား။ သည်ရာသီ၊ သည်လမှာတော့ ဘယ်သူမဆို ကြောင့်ကြစိတ်နှင့် မကင်းနိုင်။ အနီး အနားရွာ တွေမှာ မိုးတွင်းမိုးခါ အရေး ကိစ္စရှိတိုင်း မိုးတားသည့် ဓလေ့ရှိသည်။ ပွေးကျင်းရွာက မိုးတား ဆရာကို ပင့်ရမြဲပင်။ မိုးတား ထားသတဲ့ ဆိုမှ စိတ်ဖြောင့်ကြ သူတွေဖြစ်၏။

“ညောင်ခါးရွာ ဘုရားပွဲမှာ မိုးတားထားသာ ကနားပွဲကြီး ကျလို့ပါတော်။ ကောင်းကင်က အထက်နတ်များ စောင့်ရှောက်တော် မူကြပါ။ ရွာမယ့်မိုး သွေတော်မူပါ။ လာမယ့်လေ ခြွေတော်မူပါ”

ရွာပေါင်းစုံက ဆုတောင်းကြတာ ဆိုတော့ ရွာချင်ချင် မိုးသည်ပင် လွင့်လောက်ပါ၏။        ပြီးခဲ့သည့် တန်ခူးလတုန်းက ကိုသာဗျောတို့ အလှူပွဲရက် မိုးရွာလိုက်မှာ စိုးတော့ ထနောင်းပင်လှ သူကြီးကိုယ်တိုင် ပွေးကျင်းက မိုးတား ဆရာကို ပင့်ကာ ပွဲထိုးစေသည်။ ပွဲခင်းနှင့် မနီးမဝေး ကုက္ကိုပင် ရိပ်မှာ အုန်းလုံးလှလှ၊ ဖီးဆိုင်လှလှ ကန်တော့ပွဲ ထိုးတာကပင် လေး၊ ငါးပွဲရှိ၏။ အလှူပွဲ မတိုင်ခင် ရက်တွေ ကတည်းက ကန်တော့ပွဲ တွေကို ပျော်ပျော်ပါးပါး သွားကြည့်ကြတာ တစ်ရွာလုံး လိုလိုပင်။

“ပွေးကျင်းက ဆရာ မိုးတားသာ မစွံပါ ဘူးကွာ။ လှူရေး တန်းရေးရှိလို့ နှစ်စဉ် ပွဲထိုးပြီး တားသာ ရွာတဲ့နှစ် ရွာတာပါပဲ။ လူလုပ် ဖြစ်မှတ်လို့၊ တစ်နှစ်များ လေရော မိုးရော ချလိုက်သာ ကန်တော့ပွဲ တခြား၊ ဇလုံတခြား။    

“တို့ရွာက သူကြီးများ ပွေးကျင်း မိုးတားဆရာ ဘာကြိုက်သယ် မပြောတတ်ဘူး”  

“ကျုပ်တို့ သူကြီးက မိုးခေါင်တော့လည်း ပွေးကျင်းက ဆရာပင့်သာ ပါပဲ ကိုကုလားရ။ တစ်နှစ်များဟာ မိုးခေါင် ကျော်စွာ နတ်ပင့်လိုက်သာ ပွေးကျင်းဆရာ အာခေါင်ကိုစပ် ကရော။ လွန်ဆွဲရမယ် ဆိုလို့ ဆွဲလိုက် ရတဲ့လွန်၊ လက်ဖ၀ါး တွေများ ကွဲရောမှတ်သာ။ ရွာပေါင်ဗျာ။ ကောင်းကင်ဆိုသာ သမံ တလင်းကျံထား သာကျလို့ ရေတစ်ပေါက် မစိမ့်ဘူး” 

“ပွေးကျင်း ဆရာက ကိုယ်ကျင့် သီလမှ မရှိတဲ့နောက် ဘယ့်နှယ်လုပ် မိုးတား ဖြစ်မှာတုံး ဟကောင်ရ။ သူရွတ်သာ ဖတ်သာနဲ့ ဂါထာ စွမ်းရမယ်လို့ မဟုတ်သာ။ မင်းကြည့်လေ၊ မိုးတားတော့ ရွာသကွာ။ မိုးခေါ်တော့ ခေါင်သကွာ။ တို့သူကြီး က ၀ဆွေး (၀ါးဆွေး) ၀ကောင်း (၀ါးကောင်း) ထင်ပြီး ချွန်ချင်သာ ခက်သားပဲ”

ကွယ်ရာမှာ သူကြီး မကောင်းကြောင်း ပြောကြသော်လည်း မလိုလဲ လိုလဲ မိုးတားတာ ကိုတော့ တစ်ရွာလုံးက ကျေနပ်ကြသည်။ ဓာတ်အခိုက်နှင့် နတ်အကြိုက် တည့်တည့် တိုးတော့လည်း မိုးတား ဆရာ၏ ဂါထာ စွမ်းချင် စွမ်းနိုင်တာ မဟုတ်လား။ မဗိုင်းတောင့်ပင် မိုးတားဆရာ ကန်တော့ပွဲ ထိုးသည့်နေ့က အကြော်ဖို သိမ်းပြီးသည်နှင့် အပြေးအလွှား သွားကြည့်ခဲ့ သေးသည်။ ပွေးကျင်းသား မိုးတား ဆရာက ၀ါးလေးတိုင် စင်ပေါ်မှာ ထိုးထားသည့် ကန်တော့ပွဲ တွေကို မကာ၊ မကာ အထက် နတ်တွေကို တိုင်တည်သည်။ ရွတ်သည်၊ ဖတ်သည်။ လူကပိန်ပိန်၊ မျက်နှာက ချွန်းချွန်း၊ ပါးစပ်အုံက မောက်ထွက်နေတော့ ဂဠုန်နှင့်ပင် တူသေးတော့သည်။ အမူးသမား တွေကတော့ အာကျယ်ပါကျယ် ရှိကြပါ၏။

“မိုးကပဲ စွမ်းမလား၊ ဂဠုန်မင်း ကပဲ စွမ်းမလား၊ ကြည့်ရုံပကွာ။ တို့ရွာ ဘုရားပွဲ မိုးဖျက်လို့ ကတော့ ပွေးကျင်းက ဂဠုန်မင်းတော့ ရိုက်ချက် ပစ်လိုက်မယ်” တစ်ယောက်တစ်ပေါက် ဆိုပေသိ သူကြီး ဦးဘဆယ် ကြားအောင်တော့ မပြောဝံ့ ကြပါ။ ထနောင်းပင်လှ ကိုးတောင်ပြည့် စေတီက လက်ရှိသူကြီး ဦးဘဆယ်၏ ဘိုးအေ သူကြီးဟောင်း ဦးသံတုတ် ကောင်းမှုဖြစ်သည်။ ရွာ့ရှေ့ကွင်း ထဲမှာ စေတီတစ်ဆူ၊ ဇရပ်ကြမ်းကြမ်း တစ်ဆောင်ဆောက်ပြီး ဘုရားဒကာ၊ ကျောင်းဒကာ၊ ဇရပ်ဒကာ အမည် ခံခဲ့သူ ဖြစ်၏။ ရွာက တစ်လျှောက်လုံး ပြောကြသည့် စကားရှိသည်။ မဗိုင်းတောင့် အဖေကပင် မသေခင် သမီးကို ပြောဖူးသည်။

“သူကြီး ကိုသံတုတ် ထုံးတစ်အိတ် သဲတစ်ပုံးနဲ့ တို့ရွာထနောင်း လှမှာ ကိုးတောင်ပြည့် ဘုရားကလေး တည်သယ်။ သစ်သားကြမ်းနဲ့ သက်ငယ်မိုး အာရုံခံ ဇရပ်ကလေး ဆောက်သယ်။ သူကြီး ကိုသံတုတ် သေတော့ ဘုရားဒကာ ကျောင်းဒကာ ဆိုပြီး ရွှေထီး လေးလက်နဲ့ အသုဘ ချသာ ရွာက ပြောမဆုံးဘူး”

အခု ၀ါခေါင်လ ဘုရားပွဲ ကတော့ ထနောင်း ပင်လှရွာ ဘုရားပွဲ မဟုတ်။ ထနောင်းပင်လှ ရွာနှင့် နှစ်တိုင်ပျော့ပျော့ လောက်ဝေးသည့် ညောင်ခါးရွာ ဘုရားပွဲကို နွှဲကြမှာ ဖြစ်သည်။  မဗိုင်းတောင့် မှတ်မိသလောက် ညောင်ခါးရွာ ဘုရားပွဲက ၀ါခေါင်ပွဲ ဆိုတော့ မိုးရိပ်လေရိပ်၊ မိုးဆင်လေဆင် အကဲခတ်ရ တာနှင့်ပင် တစ်နှစ်မှ ကောင်းကောင်း ပျော်ရသည် မရှိ။ မိုးတွေညို့တော့ ရွာလုံးကျွတ် မျက်နှာတွေ ညို့ကြရသည်။ သည်ဘက်နယ် သည်ဘက်ရွာတွေ ဘက်ကို ဇာတ်တစ်ဇာတ် ပိုးပိုးပေါက်ပေါက် လာကဖို့ ဆိုတာ အဘက်ဘက်က အဆင်ပြေ ပါမှ ဖြစ်ရသည်။ ရွာကလည်း ငွေထည့်ရတာ ဆိုတော့ သီးနှံ ကောင်းပါမှ။ သီးနှံကောင်းရုံ နှင့်မပြီး၊ တိုက်ဈေးပေါက်ဈေး ကလည်း ကောင်းပါဦးမှ။ ပြောခဲ့သလိုပင် ပွဲတော်ရက်မှာ ရာသီဥတု ကလည်း စင်စင်လင်းလင်း ရှိပါဦးမှ။ ငှားလာသည့် ဇာတ်ကကောင်းတာ၊ မကောင်းတာ အကြောင်းမဟုတ်။ ပွဲဦး ကန့်လန့်ကာ ရုန်းပါပြီ ဆိုကတည်းက မိုးလင်းလို့ ပြည်ဖုံး ကားကြီးကျသည် အထိ ကျီးကန်း တမော့မော့ ကြည့်ကြသူ တွေချည်းပင်။ မင်းသားကောင်းတော့ ကောင်းလို့၊ မင်းသမီး ချောတော့ချောလို့၊ လူပြက်တွေ ရယ်ရတော့ ရယ်ရလို့၊ ဆိုင်းက ဗျိုးဗျိုးဗြောင်းဗြောင်း တီးနိုင်တော့ တီးနိုင်လို့၊ နောက်နှစ်ခါ ၀ါခေါင်ပွဲ အထိ စကားတွေက မကုန်နိုင်။ ရက်ကန်း စင်မှာလည်း ဇာတ်ပွဲအကြောင်း၊ မောင်းစင်မှာလည်း ဇာတ်ပွဲအကြောင်း၊ ရေတွင်းကုန်း မှာလည်း ဇာတ်ပွဲအကြောင်း၊ သီလ ယူတာတောင် ဘုန်းကြီး ကြွမလာခင် ဇာတ်အကြောင်း ပြောလိုက်ရမှ ရင်ချောင်ကြ သူတွေ။ တစ်ခါတော့ ဆရာတော်က သီလ ပေးခါနီး ဥပုသ်သည်တွေ ရှေ့ကြွလာပြီး ထိုင်တော်မူသည်။ ဥပုသ်သည်တွေ စကားမပြတ် ကြသေးလို့ ဆရာတော်က စောင့်နေရသည်။ ဆရာတော် ချောင်းဟန့်မှ အသံတိတ် ကြလေ၏။ သည်အထဲမှာ ဒေါ်မြကြည်က အာအသန်ဆုံး။ ဆရာတော်က ဒေါ်မြကြည်ကို လှမ်းမေးသည်။          

“ဒကာကြီး မပါဘူးလား”

“ပြည်ကျော်အေးလား ဘုရား။ ကန်တော့ပါ့ ဘုရား၊ ကိုဘကျောက် မပါပါ ဘုရား။ တောင်ရွာခဏသွားလို့ပါ ဘုရား”                      
ဒေါ်မြကြည်၏ “ပြည်ကျော်အေးလား ဘုရား” ဆိုတာ ကြားတော့ ဥပုသ်သည်တွေ ၀ါးခနဲ ရယ်ကြသည်။ ပြည်ကျော်အေး ဆိုတာ မနှစ်က ရွာမှာ ကခဲ့သည့် ဇာတ်မင်းသား နာမည် မဟုတ်လား။ ဆရာတော်ပင် ပြုံးတော်မူ ပါ၏။ သည်သတင်း ရွာထဲ ပျံ့လို့သာ မဗိုင်းတောင့် ကြားရခြင်း ဖြစ်၏။ ဥပုသ်ရက် တွေမှာ မဗိုင်းတောင့် သီလ မခံယူ နိုင်တာကြာပြီ။ အကြော်တွေ စောစောစီးစီး ကုန်လျှင် ကျောင်းမှာ သီလ ခံယူဖို့ မီကောင်း မီနိုင်ပါ၏။ သို့သော် ကြော်ထားသမျှ အကြော်လေးတွေ ကုန်ဖို့ကလည်း တစ်ခါတစ်ရံ မွန်းတည့် မွန်းတိမ်းဘက်ကို ကူးချင်သည်။ ညောင်ခါး ဘုရားပွဲ သုံးရက်မှာတော့ ညောင်ခါးမှာပဲ နေရဖို့ပင်။ ပွဲဝင် မတိုင်ခင် ရက်ကတည်းက ညောင်ခါးကို ကူးနှင့်ရသည်။ ဘုရားပွဲ သုံးရက်လုံးလုံး ညောင်ခါးမှာပဲ အကြော်ရောင်း ရတာဆိုတော့ အိမ်ကို ငုံးစုံပစ် ပိတ်ခဲ့ရသည်။ သည်သုံးရက်မှာ အမြတ်ငွေ စို့စို့ပို့ပို့ ကျန်တာလည်း ပါပါ၏။ 

“ဗိုင်းတောင့်ရေ... အေ...ရှင်ဗိုင်းတောင့်”

ကောင်းကင်ကို အကဲခတ်ရင်းက အသံရှင်ကို လှမ်းကြည့်တော့ ဂျီးပုတု။ အမေ့ငယ်ပေါင်း ကြီးတော် ပုတုကို မဗိုင်းတောင့် ငယ်ငယ် ကတည်းက ဂျီးပုတု ခေါ်ခဲ့သည်။ ဂျီးပုတု မုန့်ပေါင်းက ထနောင်း ပင်လှမှာ နာမည်ကြီး။ အမေ ရှိတုန်းကတော့ အမေ့အကြော် ဖိုဘေးမှာ တစ်ဖက်ယပ် အဖီကလေး ချပြီး မုန့်ပေါင်းပေါင်း ခဲ့သူပင်။ အခုတော့ အမေလည်း ဆုံးရှာပြီ။ ဂျီးပုတုလည်း အသက် အရွယ်အရ မုန့်ပေါင်းသည် ဘ၀က နားရပြီ။ ဂျီးပုတု တစ်ဝမ်း တစ်ခါးတော့ ပူစရာ မရှိ။ ရွာက နှစ်လမြူ တစ်လမျက်၊ နှစ်လမျက် တစ်စလယ် ဆိုတာလို ဆန်တစ်ခွက် ပဲတစ်ဆုပ်ပေး ကမ်းကြ ရုံမက ထမင်းစား ချိန်နှင့် ကြုံလျှင်ကြုံသည့် အိမ်က ဂျီးပုတုကို ထမင်းကျွေး နေကျ။ ဂျီးပုတုက နံနက်တိုင်း တောင်ဝှေး အားပြုရင်း ခရိုးခရိုင် လျှောက်တာများ ရွာသာဆုံးရော့။ တစ်လမ်းလုံး လိုလိုက အိမ်တွေကို တောင်ဝှေးနှင့် တည့်တည့်ကြီး ချိန်ရင်း ဘုရားစာ တရားစာတွေ ရွတ်သည်။ မေတ္တာပို့သည်။ ရွာခွေးတွေက ဂျီးပုတုကို သိနေကြပြီ။ ဆိုးလှပါသည် ဆိုသော ခွေးဆိုးတွေ ကပင် မေတ္တာကပဲ စွမ်းလို့လား၊ တောင်ဝှေးကိုပဲ ကြောက်ကြလို့လား မသိ၊ အဝေးက ဟောင်တာပဲ ရှိသည်။ မဗိုင်းတောင့် အိမ်ကိုတော့ သုံးလေးရက် တစ်ခါရောက် လာတတ်သည်။

“လာဂျီးပုတု၊ ကျုပ်လည်းမိုးကို အကဲခတ် နေသာ။ မနက်ဖျင် ညောင်ခါး ပွဲရက်လေ။ တစ်ရွာလုံးက မိုးဖျက်မယ် ထင်လို့ စိတ်ဆင်းရဲ နေကြသယ်။ ညောင်ခါးပွဲ မပျက် စေချင်တဲ့ အထဲ ကျုပ်က ခေါင်ကရယ်။ နက်ဖျင်ကြော်ဖို့ လှီးချွတ် ထားသာတွေ မိုးသာရွာလို့ ကတော့ ပစ်လိုက်ဖို့ ရှိတော့သာပဲ။ ကျုပ်ကလည်း ကျုပ်အပူနဲ့ ကျုပ်တော်ရေ”

ဂျီးပုတုက မျက်ခမ်းစပ် မျက်လုံး ကလေးတွေ ကိုမှေးကာ ကောင်းကင်ကို ကြည့်သည်။ ကောင်းကင်မှာ မိုးသားတွေ ရှိနေတာတော့ အမှန်ပင်။ သည်လို မိုးသားတွေ အုံ့မှိုင်းနေတာ ကလည်း သည်ရက်တွေ ထဲမှာမှ ရုတ်တရက် ပေါ်လာခြင်း ဖြစ်၏။ သင်္ကြန်အခါ ရက်ပြီးလို့ ရက်လေးဆယ်မှာ မိုးကြီး သုံးရက်စွေပြီး ရွာခဲ့သည်။ တစ်နှစ်ပတ်လုံး ချောင်းခြောက်အဖြစ် ငုတ်တုတ်ငေါင်းစင်း ကျောခင်း နေကြသည့် ရွာနံဘေး ရေကျော်တွေမှာ ရေတွေ အထက်က ထိုးဆင်း လာခဲ့သည်။ ရွာတောင်သူတွေ ကတော့ သင်္ကြန်နှစ်ဆန်း တစ်ရက် ကစလို့ ရက်လေးဆယ်မှာ မိုးရွာလျှင် တစ်နှစ်လုံး မိုးကောင်းပြီလို့ တွက်ကြလေ့ ရှိ၏။ မိုးဓာတ်နှင့် စသည့်နှစ်ဦး။ အိမ်မိုးခေါင် မြှုံးထောင် ရတော့မလား ထင်ခဲ့ကြသည်။ သည့်နောက်တော့ ကဆုန်ကုန်လို့ နယုန်သာ ကူးရော့ မိုးရိပ် မမြင်ရ ပြန်တော့။ ၀ါဆို တစ်လလုံးလည်း မိုးရိပ်မပြ။  

“၀ါခေါင်ဆိုတော့ ပြောခက်သားပဲ ဗိုင်းတောင့်ရယ်။ မိုးသားက အနှစ်မှ မရှိသဲ့ဟာ။ ငါထင်သာတော့ မရွာလောက် ပါဘူးအေ။ မနှစ်ကလည်း သည်လိုပါပဲ။ ညို့ညို့ ညိုညိုနဲ့ ပြီးရသာပါ။ လပြည့်ကျော် နှစ်ရက်ရောက်မှ  ဖြိုးဖြိုးဖြောက်ဖြောက် ရွာခဲ့သာပါ။ နေစမ်းပါဦး၊ သည်နှစ် ညောင်ခါးရွာ ပွဲက ဘယ်သူ့ ဇာတ်တုံး”  

“စိန်ကျော်သန်းတဲ့ ဂျီးပုတုရဲ့။ မြို့မှာ နာမည် ရလှပြော ကြသယ်။ ဒါနဲ့၊ ဂျီးပုတု ထမင်းစား ပြီးပြီလား။ အိမ်မှာ ငါးခြောက် ဆီပြန်ချက် ထားသယ်။ ပဲကြီးနှပ်နဲ့ ငရုတ်သီးကြော် ထားသာလည်း ရှိသယ်။ စားသွားဦး”  

“စားခဲ့ပါပြီ ဗိုင်းတောင့်ရယ်။ ဘာရယ် မဟုတ်ပါ ဘူးအေ။ ညောင်ခါး ဘုရားပွဲ ရက်ဆိုတော့ ညည်းအမေကို သတိရလို့ လျှောက်လာသာပါ။ ညည်း အမေက ညောင်ခါး ဘုရားပွဲ လိုက်နေကျအေ့။ ညည်းအမေ ဆုံးသာ ရှိရောပေါ့ လေးငါးနှစ်တော့”

“ဆယ်နှစ်ရှိပြီ ဂျီးပုတုရဲ့။ အဖေ ဆုံးသာက ဆယ့်လေး နှစ်ရှိပြီ။ ကိုသံမှို ဆုံးသာက ခြောက်နှစ်ရှိပြီ”  

“မနေ့ တစ်နေ့က လိုပါကောအေ။ ငါ့သူငယ်ချင်းက သွားနှင့်ပြီ ပေါ့လေ။ ငါကလည်း အသက် ဓာတ်ကလေး ရှင်ရုံ ရှိသာပါ။ ရွာကောင်းလို့ ထမင်း တစ်စလောင်း မပူရပေသိ မကောင်းတဲ့ အသက်များ ရှည်လွန်းပါ့အေ”

“ဂျီးပုတု ထိုင်ဦး။ မတ်တတ်ကြီး”            

မဗိုင်းတောင့်က ခုံပုကလေး နှစ်လုံး ချပေးသည်။ တစ်ယောက်တစ်လုံး ထိုင်မိ ကြတော့မှ ဂျီးပုတုကို သေသေချာချာ ကြည့်သည်။ ရွာရိုးကိုး ပေါက်လျှောက်ရင်း ရထားသမျှ ဘုရားစာတွေ၊ မေတ္တာပို့တွေ၊ လောကီပညာ မှတ်ဖွယ်ရာတွေ ရွတ်နေ တတ်သော ဂျီးပုတု။ အမေ့ သူငယ်ချင်း ဂျီးပုတု။ အခုတော့ ရှစ်ဆယ်လား၊ ကိုးဆယ်လား မဝေခွဲ နိုင်ပြီ။ ခြေဆံလက်ဆံ ကြီးတွေက ရှည်လွန်းလို့ ကန္တာရပင် ကိုင်းခြောက်နှင့်ပင် တူတော့သည်။ မဗိုင်းတောင့် မွေးလို့ လူမှန်း သိပါပြီဆိုကတည်း က ဂျီးပုတုက တစ်ကိုယ်ရေတစ်ကာယ နေခဲ့သူဖြစ်သည်။ ရွာစွန်က တဲမှာနေသည်။ တစ်သက်လုံး မုန့်ပေါင်းပေါင်းခဲ့သူ ဖြစ်၏။ အခုတော့ ရွာလမ်းကိုလျှောက်၊ အိမ်တစ်အိမ်ချင်း ရှေ့မှာ ဆွမ်းခံ ရပ်သလိုရပ်ရင်း ပါးစပ် တတွတ်တွတ် ရေရွတ် နေတတ်သည်။

“တနင်္ဂနွေ ကျက်သရေ ဦးခေါင်းမှာနေ၊ တနင်္လာ ကျက်သရေ ပခုံးမှာနေ၊ အင်္ဂါ ကျက်သရေ ကျောကုန်းမှာနေ၊ ဗုဒ္ဓဟူး ကျက်သရေ နှာခေါင်းမှာနေ၊ ကြာသပတေး ကျက်သရေ လက်ရုံးမှာနေ၊ သောကြာကျက်သရေ ဣနြေ္ဒ မှာနေ၊ စနေ ကျက်သရေ တစ်ကိုယ်လုံးမှာနေ။ ကနေ့ တနင်္လာနေ့တော်တို့၊ ကျက်သရေ ပခုံးမှာရှိပါ့။ ပခုံးကို အမွှေးနံ့သာလိမ်းကြ”

တစ်ခါတစ်ခါတော့လည်း ဘုရား ရှိခိုးလိုလို စာတွေ ရွတ်တတ်ပါ၏။ အသံကတော့ စူးစူးမာမာရှိရှာသေးသည်။ ဂျီးပုတု အိမ်ဝရောက်လာလျှင် ကျက်သရေရှိသော စကား၊ မင်္ဂလာ ရှိသောစကားကိုသာ ဆိုတတ်ရွတ်တတ်လို့ အိမ်တိုင်း က ကြည်ဖြူကြသည်။  

“ဗုဒ္ဓဘုရားနှင့် တရား သံဃာ၊ ဆရာမိဘ ဦးချလို့သာ၊ အနန္တငါးပါး ၀ပ်တွား စေတနာ၊ သဒ္ဓါတိုး ရှိခိုးကြ အခါခါ။         “အလောင်းတော်နတ်သား သိကြား ဗြဟ္မာ၊ ဂါရ၀ တရား ရှေ့ထားလို့သာ၊ သဒ္ဓါတိုး ရှိခိုးကြအခါခါ။
“တောမြိုင်အတွင်း ပျော်မွေ့နေရှာ၊ ရသေ့မြတ် အပေါင်း ရှစ်သောင်းဝိဇ္ဇာ၊ သဒ္ဓါတိုး ရှိခိုးကြ အခါခါ”  

အိမ်တိုင်းမှာ သည်လို ရွတ်နေကျဂျီးပုတုက မဗိုင်းတောင့် အိမ်ဝရောက်လျှင်တော့ တခြားစကား မဆို။
“ညက အိပ်မက်မက်သယ်” ဆိုတာနှင့် စကားစလေ့ရှိ သည်။ မက်သည့်အိပ်မက်ကလည်း မဗိုင်းတောင့်အမေ ဒေါ်အေးပုံမပါသည့်အိပ်မက်ရယ်လို့ မရှိ။ မဗိုင်းတောင့်က ဂျီးပုတု၏ အိပ်မက်တွေကို ယုံသည့်အခါ ယုံသည်။ မယုံ သည့်အခါ မယုံ။ သို့ပေသိ လူကြီးသူမစကား မပယ်သာတော့ နားထောင်ရပါ၏။ အခုလည်းအိမ်ဝမှာ လာထိုင်ပြီ။ မဗိုင်းတောင့်က အိပ်မက်အကြောင်း စကားလာတော့မှာ သိလို့ စကားလွှဲသည်။

“ဂျီးပုတု၊ ကျုပ်အိမ်ရှေ့က ပေါက်ပင်ပေါ် မနေ့က ကျီးအာလိုက်သာတော်။ မုဆိုးမအိမ် ဘယ်ကဧည့်များ  လာမယ် ပြောတတ်ပါဘူး။ အိမ့်မြောက်ဘက် ဥသျှစ်ပင် ကိုင်းပေါ်နားပြီး တအာအာ သာနေသာကတစ်ရက်၊ ခြောက် ထုတ်လို့တောင် ကျီးက ထမပျံဘူးရယ်”

“အိမ့်မြောက်ကဆိုတော့ ရတနာဆင်မြင်း ကျေးကျွန်ဝင် မှာပေါ့ဗိုင်းတောင့်ရဲ့။ ငါပြောသားပဲ။ ညည်းအမေက ငါ့ကို အိပ်မက်ပေးတဲ့အခါတိုင်း ညည်းကိုစောင့်ရှောက်ပါဆိုသာ အမြဲတမ်းပါသယ်။ ညည်းအမေမရှိတဲ့နောက် ငါမအေပဲ။ ညည်းပဲပြောသာပဲ ညည်းလင် သံမှိုသေသာ ခြောက်နှစ်ရှိ မှတော့ ညည်းတစ်ပင်ထူကောင်းပါပြီ။ ညည်းအမေက အိပ်မက်ထဲ ဒါပဲမှာသာ၊ ညည်းကို ညည်းအမေက စိတ်မချဘူး ထင်ပါရဲ့အေ။ ညည်းအသက်ခု ဘယ်လောက်ရှိပြီတုံး”

“လေးဆယ့်ခြောက်နှစ် ရှိပါပြီတော်။ ငါးပိဖြစ်မှတော့ အမြီး မနန့်ပါရစေနဲ့တော့တော်ရေ့။ ကျုပ်ဟာ ကျုပ်နေစမ်း ပါရစီ။ ဘယ့်နှယ်ကြောင့်များ ကျုပ်ကို လင်ပေးစားချင်နေ ပါလိမ့်။ မဟုတ်သာ” 

“ဗိုင်းတောင့်ရဲ့၊ လင်ဆိုသာ မလိုချင်လို့လည်းဖြစ်သာ မဟုတ်ဘူး။ လိုချင်လို့လည်း ရသာမဟုတ်ဘူး။ အခုဟာက     စောင့်ရှောက်ချင် သူက စောင့်ရှောက်ချင်သယ် ဖြစ်မှတော့ ညည်းတစ်ချက်ပေါ့အေ”

“ကိုင်းပါ ဂျီးပုတုရယ်။ ကျုပ်ဘ၀နဲ့ကျုပ် ရှိပါစေတော့။ ဂျီးပုတုလုပ်သာနဲ့ ရွာထဲက တကယ်ထင်နေပါဦးမယ်။ ကျုပ် စိတ်လည်း မဆိုးချင်ဘူး။ ကိုသံမှိုဆုံးသာ ခြောက်နှစ်ရှိပေသိ ကျုပ်က ကျုပ်လင်မြှုပ်တဲ့ သင်္ချိုင်းက မြေပုံခြောက်သယ်ထင် သာ မှုတ်ဘူး။ သည်အရွယ်ရောက်မှတော့ ကျက်ထားတဲ့ စည် သားရေ ခွေးမျှော်မျှော်မနေပါရစေနဲ့တော့။ ကိုင်းပါ၊ ပဲကြီး နှစ်ဘူးယူသွားဦး။ ပဲချက် ဆွမ်းလောင်းရအောင်လို့”  

“အေးပါအေ။ ညည်း ယူမှ ဖြစ်သာပါ။ မုဆိုးဖို လှည်း သမားပေသိ ရိုးလို့ ပြောသာပါ။ ညည်းအမေကလည်း ငါ့ကို အိပ်မက်ပေးလွန်းလို့ပြောသာ။ ကိုင်း- ကြီးတော်ပြန်ပဟေ့။ ညည်းညောင်ခါးပွဲတော်ကွင်း အကြော်ရောင်းထွက်မှာ မဟုတ် လား။ တနင်္ဂနွေနေ့ဆို လက်ကိုနံ့သာလူးပြီးသွား။ တနင်္လာ သစ်ပင်ကြီးကို ရှိခိုးသွား။ အင်္ဂါနေ့ ဆောင့်ကြောင့် ထိုင်ပြီး သွား။ ဗုဒ္ဓဟူး လက်ကို ထုံးသုတ်သွား။ ကြာသပတေး အရှေ့ ကိုရှိခိုးသွား။ သောကြာနောက်ပြန် ကြည့်ပြီးမှသွား။ စနေ အိမ်က ဘုရားရှိခိုးသွား၊ ကြားလား ဗိုင်းတောင့်။ နက်ဖျင် ဈေးရောင်းမှာဆိုတော့ ၀ါခေါင်လဆန်း ဆယ့်လေးရက် အင်္ဂါ ကျသယ်၊ ဆောင့်ကြောင့်ထိုင်ပြီးမှ အိမ်ကထွက်။ ကြား လားဟဲ့”

“ဟုတ်ကဲ့ပါ ဂျီးပုတုရဲ့။ ဆောင့်ကြောင့်ထိုင်ပြီး ကြက်ဖပါ ခွပ်လိုက်ရဦး”

“ခွပ်ဟဲ့- ညည်းက ပြောမကောင်းတဲ့ဟာမ၊ ကိုင်း-ငါသွားပြီ”    ဂျီးပုတုကို မဗိုင်းတောင့် အိမ်ရှေ့ဝိုင်းဝအထိ လိုက် ပို့လိုက်သည်။ ကိုင်းကိုင်းလျားလျား ခန္ဓာကိုယ်ပဲတောင့် ရှည်ကို တောင်ဝှေးနှင့် ထိန်းကာထိန်းကာ တလှုပ်လှုပ် သွားနေသည့် ဂျီးပုတုကို ကြည့်ရင်း သနားလည်း သနာ သည်။

ဘယ့်နှယ်၊ သည်အရွယ်ရောက်ခါမှ လင်ယူဖို့ ပြောနေပါလိမ့် တွေးမိတော့ အမယ်အိုကို စိတ်လည်း ဆိုးချင်ချင်။ စေတနာကောင်းနှင့် ပြောနေမှန်းသိတော့လည်း ခက်သား ကလား။ ကောင်းကင်ကို တစ်ချက်မော့ကြည့်တော့ မိုးသား တွေအိလှပြီ။ ဘုရား၊ သိကြားမလို့ ပွေးကျင်းက ဆရာမိုး တားတာ သည်တစ်နှစ်တော့ စွမ်းလောက်ပါရဲ့။ မဗိုင်းတောင့် အိမ်ထဲပြန်ဝင်လာခဲ့သည်။  

ညောင်ခါးရွာသုံးဆူ ဘုရားပွဲက ၀ါခေါင်လပြည့် မတိုင် ခင် အဖိတ်နေ့က စသည်။ လပြည့်နေ့ပွဲကြီး၊ လပြည့်ကျော် တစ်ရက်က ပွဲသိမ်း။ မနှစ်က ဘုရား ပွဲစည်ခဲ့တာ မဗိုင်းတောင့် မှတ်မိသည်။ ၀ါခေါင်ဘုရားပွဲရက်မှာ မိုးမဖျက်ခဲ့တော့ အရွာ ရွာက လှည်းတွေများ လှည်းသားငါးရာ ဇာတ်ခင်းသလို ရှိခဲ့ပါ၏။ ပွဲခင်းကို မတိုးနိုင်ကြသည့်လှည်းတွေက ပွဲခင်း နှင့်မဝေးလှသော လက်ပံပင်တန်းတစ်လျှောက် တပ်တန်းကြီး ထိုးကာ လူရော လှည်းရော ခွေးရောနွားပါ စခန်းချကြရသည် အထိပင်။

မဗိုင်းတောင့်တို့ရွာ ထနောင်းပင်လှအပါအ၀င် ကူဖြူ၊ ပန်းတော၊ ကျောက်ဒိုး၊ ကျွဲကျောင်း၊ လင်းမြွေရိုး၊ ဖိုးလှကုန်း၊ သက်ကယ်ပြင်၊ ပွေးကျင်း၊ ဒဟတ်တော စသည့်ရွာတွေက ညောင်ခါး ရွာသုံးဆူဘုရားပွဲကို အမြဲရောက်ကြသည်။ ညောင် ခါးရွာက သည်နယ်တစ်ဝိုက်မှာတော့ ရွာကြီးဖြစ်သလို သောင် သောင်သာသာလည်း ရှိသည်။ နှစ်စဉ် မြို့ဇာတ်တစ်ဇာတ် ပါတတ်တာကလည်း ညောင်ခါးရွာ၏ ဓလေ့ဖြစ်ပါ၏။ သည်တော့ ဘုရားပွဲသုံးရက်ကို ပွဲဦးကတည်းက စားအိုး စားခွက် အစုံအလင်နှင့် လာကြသူတွေ ရှိသလို လပြည့်နေ့ စောစောထလာကြကာ ပွဲသိမ်းရက်မှ ပြန်ကြသူတွေလည်း ရှိသည်။ တချို့ကခေါင်းပေါ် ပုဆိုးဟောင်း၊ တဘက်ဟောင်း တင်ပြီး တစ်ရိပ်ဝင်တစ်ရိပ် ထွက်လျှောက်လာကြသူတွေ ဖြစ်၏။ ကျောက်ဒိုး၊ လင်းမြွေရိုး၊ ပွေးကျင်းလို ရွာတွေက ညောင်ခါးနှင့်နီးကြသည့် ရွာတွေ။ နီးသည်ဆိုပေသိ နေ့ဝက် တော့လျှောက်ကြရသည်။ အဝေးဆုံးကတော့ ကူဖြူနှင့် သက်ကယ်ပြင်ရွာ နှစ်ရွာဖြစ်သည်။ ဘယ်လောက်ပဲဝေးဝေး ညောင်ခါးရွာဘုရားပွဲ စည်ကားတာရော၊ မြို့ဇာတ်ထည့် နိုင်တာရောဆိုတော့ မရောက်ရောက်အောင် လာကြမြဲပင်။ ဘုရားပွဲက ၀ါခေါင်လပြည့် ဆိုပေသိ သည်နားတစ်ဝိုက် မှာ ရေဖောင်ဖောင်ရယ်လို့ ပြောလောက်စရာ ချောင်းကြီး ချောင်းမရယ်လို့တော့ မရှိ။ သဲချောင်းတွေကတော့ တချို့ရွာ တွေမှာ သုံးလေးချောင်းရှိသည်။ မိုးကောင်းသည့်နှစ်တွေမှာ ခဏတစ်ဖြုတ် ရေရှိတာကလွဲလို့ တစ်နှစ်ပတ်လုံး ရေမရှိတာ များသည်။

အနားရွာတွေလည်း မထူးပါ။ နေကြီးကျိုက်ကျိုက်ဆူ သည့်ရာသီတွေမှာ ကော့နေအောင်ပူသည်။ ရွာဟောင်းတွေမို့ သစ်ကြီးဝကြီးတွေရှိလို့ တော်တော့သည်။ မဗိုင်းတောင့်က တော့ သည်ရွာမှာမွေး၊ သည်ရွာမှာကြီးရသူဆိုတော့ ဆွေမျိုး များရှိရာ အနီးအပါးရွာတွေကို မရောက်ဖူးတာတော့မဟုတ်။ အမေနှင့် သမီး လှည်းတစ်တန်၊ ကုန်းကြောင်းတစ်လှည့်သွား ခဲ့တာကို မှတ်မိရုံသာ။ ဘယ်ရွာမှာ ညည်းအဖေဘက်က ဘယ်သူတွေရှိသဟဲ့၊ အမေဘက်က ဘယ်သူတွေရှိသဟဲ့ ဆိုတာတော့ အမေ့ ပါးစပ်က စာရင်းချလို့သိရပါရဲ့။ မဗိုင်း တောင့်မှတ်မိသလောက် ကူးကူးလူးလူး မရှိကြ။ သူတို့က မလာမရောက်လို့ ကိုယ်က သွားသလားဆိုတော့လည်း မရောက်နိုင်။ ကိုယ့်ဝမ်းနှင့် ကိုယ့်အထွာ ဖြည့်နေကြရတာနှင့် ရက်တွေကုန်ကြရတာ မဟုတ်လား။ အဖေဆုံးတုန်းက အဖေ့ ဆွေမျိုး တချို့ မျက်နှာလာပြကြသလို၊ အမေဆုံးတော့လည်း အမေ့အမျိုးတချို့ သတင်းမေး ရောက်လာကြတာတော့ရှိ ပါ၏။ သည်ကပြီးပြန်တော့ ဆွေခန်းမျိုးခန်းမဖြတ်ကြပေသိ ပြတ်သလိုလိုဝေးကြရပြန်သည်။ မဗိုင်းတောင့်ကလည်း မပူ ပါ။ မိဘနှစ်ပါးနှင့် လင်သားရှိစဉ်တုန်းကလည်း ပူခဲ့တာ မရှိ။ သုံးဦးသား ဘ၀တစ်ပါးပြောင်းကြတော့လည်း ဘယ့်နှယ် မှမရှိ။ ကိုယ်လုပ်မှကိုယ်စားရမှတော့ နောက်ဆုံး ရွယ်အိုရွယ် မရောက်ဦးတော့ ဂျီးပုတုလို အိမ်ပေါက်စေ့ရပ်ရုံနှင့် ထမင်း တစ်လုတ်တစ်ဆုပ်မစားရမရှိနိုင်။ နာမည်ကသာမဗိုင်းတောင့်၊ သူတကာမိန်းမတွေလို မဗိုင်းတောင့် ရက်ကန်း မခတ်တတ် ခဲ့ပါ။ အကြော်သည်သမီးဆိုတော့ မုန့်မှုန့်ရဖို့ မောင်းထောင်း ရတာမျိုးလောက်သာရှိခဲ့၏။ စာကတော့ကော။ ခုနစ်နှစ် သမီးလောက်က ရွာဘုန်းကြီးကျောင်းမှာ ထန်းလျက်တစ်ကိုက် ထန်း တစ်ကိုက်သင်ခဲ့ရတာနှင့် ပြီးခဲ့ရသည်။ သေစာရှင် စာခေါ်မလား။ ကိုယ်က ထရေးမည်ဆိုသောအခါမှ ရှင်ရသည့် စာ၊ ကိုယ်မရေးတော့ စာကသေနေရုံ။ ရှစ်နှစ်သမီးအရွယ် ရောက်တော့ အမေ့ အကြော်ဖိုမှာ အကြော်လှန် အကြော်ဆယ် ရပြီ။ ရွာပြင် အကြော်တဲနှင့်အိမ်ကို ကူးချည်သန်းချည် ရှိခဲ့ ရုံကလွဲလို့ ဘ၀ကလည်း ဖွဲနုရောရော ဆီရောရော။ အရွယ် ရောက်လာတော့လည်း သူတကာအပျိုတွေလို လုပ်ခင်းထဲ ကိုင်းခင်းထဲ အသံတဟိုဟို ပေးခဲ့ရသည်မရှိ။ လမ်းအကြော်တဲမှာ အရွာရွာက လူတသောသော လှည်းတသောသော ရှိခဲ့ပေသိ ဖျင်မြင်တိုင်း ပင်နီမဟုတ်မှန်းတော့ သိခဲ့သည်။

“အရီးရေ၊ အရီးဗိုင်းတောင့်”         

“ဒေါ်ကြီးဗိုင်းတောင့်၊ ကျွန်မတို့ရယ်”     

အိမ်ဝက အသံစာစာကြားရပြန်လို့ မဗိုင်းတောင့် ထွက် ကြည့်သည်။ အမြင်တွေက မသဲကွဲလို့ တံစက်စွန်း ထွက်ရပ် ရင်း မျက်လုံးတွေ မှေးကြည့်ရသည်။ ရွာထဲက မအုန်းတင် သမီးတွေ များလား။ အရီးခေါ်သူကခေါ်၊ ဒေါ်ကြီး ခေါ်သူက ခေါ်ဆိုတော့ ဘယ်သူရယ် ဘယ်ဝါရယ်မခွဲသာ။

“ဘယ်သူတွေတုံးဟဲ့”

“ကျုပ်တို့ပါအရီးရဲ့၊ အေးမေတို့ပါ”

“သြော် -လာကြဟဲ့ အထဲကို”   

မိန်းကလေးနှစ်ယောက်အနား ရောက်လာမှ လူလုံး ကွဲတော့သည်။ အေးမေက မခင်ပိုက်သမီး၊ စန်းသွင်က မဥသမီး၊ ထနောင်းပင်လှက အပျိုမတွေ။ ရပ်ရေးရွာရေး၊ လုပ်ခင်း ကိုင်ခင်းတွေမှာ ခါးကျိုးအောင်ချိုးထားကြသူတွေ။ ဘာများပါလိမ့်။          
“ဘကြီးသာညိုက လွှတ်လိုက်လို့။ အရီး အကြော်ဆိုင် အတွက်ပစ္စည်းတွေ ဘုရားပွဲကွင်းကို တိုက်ထားလိုက်ချင် လို့တဲ့။ အခု ဘကြီးက ၀ါးသွားတိုက်သယ်။ ပြန်လာရင် အရီးပစ္စည်းတွေ တိုက်ပေးမတဲ့။ နက်ဖျင်ကျ ညောင်ခါးရွာက ပွဲကြိုလှည်းဆင့်ထားလို့ မအားဘူးတဲ့”

“ကိုသာညိုကြီးကတော့ လုပ်ကရော့မယ်။ ကနေ့ညနေ ကူးသာတော့ ဟုတ်ပါရဲ့။ ငါက သူများ ရွာကကွင်းထဲ တစ်ညလုံး ငုတ်တုတ်ထိုင်နေရမှာပေါ့ဟဲ့။ နက်ဖျင်မနက်ကျမှ စောစောကူးသာ ကောင်းပါသယ်။ ပြောထားပါလျက်ကနဲ့ မုဆိုးဖိုနှယ်”

“ဟုတ်ပါ့ အရီးရယ်။ နက်ဖျင်မနက် ထွက်မှ ကျုပ်တို့ လည်း အရီးတို့လှည်းနဲ့ လိုက်ဖြစ်တော့မပေါ့။ ခုညနေသွားရင် ကျုပ်တို့လည်း လိုက်ဖို့ခက်ပြီ။ အမေတို့က ထည့်နှင့်မှာ မဟုတ်ဘူး”  

“ကိုသာညိုက ကိုယ့်ရွာက ကိစ္စ အရေးမကြီး၊ ညောင် ခါးကပွဲကြိုမှာ အရေးကြီး နေပါကောအေ့။ ရွာမှာလှည်းတွေ     ပေါလွန်းလို့ပါအေ။ ကိုယ့်လူခင်မို့သူ့ငှားရသာပါ။ အခုသူက ဘယ်မှာတုံး”

“အခုက ၀ါးသွားတိုက်သယ်။ ကဲပါ အရီးရယ်၊ ကျုပ် တို့ပဲ အကျိုးအကြောင်း ပြောပြလိုက်ပါ့မယ်၊ အရီးက မနက် ဘယ်ချိန်သွားမှာတုံး”  

“နေလုံးပြချိန်ပေါ့။ ညည်းတို့လည်း လိုက်ခဲ့ကြလေ”

“လိုက်ကြမှာ မနည်းဘူးရယ်။ လှည်းကျိုးအောင် လိုက်ကြမှာ”

တစ်ပါးရွာမှာ အကြော်ဆိုင် သွားထွက်ရမှာဆိုတော့ လေးတိုင်စင်ဆောက်၊ မြက်ရှင်း ကန်သင်းရှင်းတာကအစ လုပ်အားလိုသည်။ ရွာ့မိန်းကလေးတွေက အားကိုးကြရပါ၏။ တစ်ယောက်တစ်လက်ဆိုတော့ ကူသယ် ခေါက်သယ် သယ်တန်တာသယ်၊ သူတစ်ကျင်းငါတစ်ကျင်း တူးတန်တာတူး။ မီးဖိုကျင်းတူးတော့လည်း သည်မိန်းကလေးတွေပင်။ မဗိုင်းတောင့်ငှားသည့် လှည်းကြုံနှင့်လိုက်တော့ ခရီးသက်သာ သလို လူကြီးမိဘတွေကလည်း စိတ်ချ လက်ချ ထည့်နိုင်ကြ ပါ၏။ တစ်ရွာကပွဲ လိုက်ကြည့်ချင်ကြသူ အပျိုတွေခမျာ ပွဲသံကြားတိုင်း မဗိုင်းတောင့်ကို အဖော်လာစပ်နေကျ မဟုတ် လား။ ကိုယ့်ရွာက အကြော်ဆိုင် ၀င်ချည် ထွက်ချည် စတည်း ချနိုင်သည်။ မနီးမဝေးမှာ ရွာလူခံ ရှိနေတော့ မဗိုင်းတောင့်က အလိုလို အပျိုထိန်းဖြစ်ရပါ၏။ ပွဲပြန်လှည်း မကြုံတော့လည်း နှစ်တိုင်လောက်ခရီးများတော့ ဒီးလွှား ဒီးလွှား ခုံဖိနပ်ရှပ် တိုက် ပြန်ကြသူတွေပင်။  

အမေရှိတုန်းကလည်း အကြော်ဖက်ကူရင်း၊ ပွဲကြည့်ရင်း မဗိုင်းတောင့် လိုက်နေကျ။ အဖေက အကြော်တဲဆောက်၊ မြေကျင်းတူး၊ ပဲကြိတ်။ ကျောက်ကြိတ်ဆုံပါတော့ ပွဲခင်းထဲ မှာပဲ မုန့်နှစ်လိုသလောက် ကြိတ်ယူလို့ရသည်။ ကျောက်ပြား ၀ိုင်းနှစ်ချပ်ထပ်ထားသည့် ကျောက်ကြိတ်ဆုံကြီးက အမေ့ အမွေ ဖြစ်၏။ အပေါ်ကျောက်ပြားမှာ လက်ကိုင်ရိုးတပ်ထား တော့ ပဲရေစိမ်တစ်ဆုပ်ချင်းထည့်ပြီး လှည့်ရုံပင်။ မိဘနှစ်ပါး မရှိတော့ သည်တာဝန်ကို သွားလေသူ ကိုသံမှိုက ယူရပါ၏။ ပွဲတော်ရက် ပွဲတော်စော်ကလေးနံတော့ လင်သား လူရိုး ကိုသံမှိုကိုသတိရသား။

“ကိုသံမှိုရေ။ တော်မရှိတော့ လှည်းငှားရပါပကောတော်။ ကျုပ်ဖြင့်လွန်းပါ့”

မဗိုင်းတောင့်အသက် သုံးဆယ်နားကပ်မှ ကိုသံမှိုနှင့် အကြောင်းပါခဲ့ရခြင်း ဖြစ်သည်။ ကိုသံမှိုလှည်းတိုက် မထွက် ခင် မနက်စောစော အမေ့အကြော်တဲကို ထမင်းကြမ်း တစ်ဇလုံ နှင့် ရောက်လာနေကျ။ အကြော်အိုးထဲကဆီကို ထမင်းကြမ်း ခဲပေါ်ဆမ်းခိုင်းကာ အကြော်နှစ်ခုသုံးခုနှင့် စားလေ့ရှိသူ။ ကိုသံမှိုက ထနောင်းပင်လှသားမဟုတ်။ ခပ်ဝေးဝေးရွာ သက်ကယ်ပြင်က ဖြစ်သည်။ ထနောင်းပင်လှရွာက ဘကြီး အိမ်မှာ သူရင်းငှားလုပ်ပေးဖို့ရောက်လာရာက သူ့ရွာရင်း သက်ကယ်ပြင်ကို ပြန်မရောက်တော့။ လူကအေးရသည့်ကြား က စကားကဆွံ့ချင်ချင်။ စကားတစ်လုံးထွက်ဖို့ ကုပ်ပိုးကို ရိုက်လိုက်မှ ဖျောခနဲ သွန်ကျလာမည့် အမျိုးအစားထဲက ဖြစ်၏။ မဗိုင်းတောင့်နှင့် ညားလို့သာညားရပေသိ အကြော် တဲကိုရောက်လာလို့ တစ်ခါမှ မရိုးမဖြောင့်မရှိသလို မဗိုင်း တောင့်ကလည်း အနေနီးသကောရယ်လို့ စိတ်ကူးထဲမှာပင် မရှိ။ တစ်ရက်မှာတော့ ဘကြီး ဦးစံဘော်က သူ့တူနှင့် မဗိုင်းတောင့်ကို ပေးစားချင်လို့ မဗိုင်းတောင့်မိဘတွေကို စကားလှမ်းသည်။ ဦးစံဘော်က တောင်သူကြီး။ တူဖြစ်သူ ကိုသံမှိုကလူရိုး။ သဘော မတူစရာမရှိ။ သည်လိုနှင့် တောင်းရမ်းယူခဲ့ခြင်း ဖြစ်သည်။ တစ်ရွာတည်းဆိုတော့ ကိုသံမှိုက မဗိုင်းတောင့်မိဘများအိမ်မှာ လိုက်နေရှာသည်။ တခြားအလုပ်လည်း မလုပ်တတ်တော့ ဘကြီးအိမ်မှာပဲ သူရင်းငှားလုပ်ရုံ။ မဗိုင်းတောင့်ကလည်း သူ့အကြော်တဲကို နတ်ဗိမာန်နှင့်မလဲနိုင်။ ဘကြီးလုပ်သူက ပေးတန်သလောက် ပေးလိုက်သည့် ငွေစကလေး ယောက္ခမ လက်ရောက် အပ်တာကလွဲလို့ ကိုသံမှိုက နှံပဲပင်လို ရှင်ပါပြီဆိုကတည်း က အခေါင်းပွက မတက်။ အနှစ်တည်လိုက်ရသည်မရှိ။ မဗိုင်းတောင့်ရော ကိုသံမှိုပါ သားသမီး လိုချင်ကြသော်လည်း ဘ၀ကံမပါလို့ပေပဲလား မသိ။ သိုက်စာဖတ်ရာ နားထောင် ကာ ဥစ္စာရနိုးနိုးနှင့် ပြီးခဲ့ရပါ၏။ သည်လိုနှင့် မဗိုင်းတောင့်နှင့် ကိုသံမှို ဆယ်နှစ်သာသာပေါင်းခဲ့ရပြီး မဗိုင်းတောင့် အသက် လေးဆယ်လောက်မှာပင် မမာရာက ကောက်ကာငင်ကာ ဆုံးရှာခဲ့ခြင်းဖြစ်ပါ၏။     

ရွာခြေ လှည်းလမ်းမဆီက ချူကုံးသံ တချွင်ချွင်ကို မဗိုင်း တောင့် ကြားလိုက်ရသည်။ တချို့ရွာတွေက ပွဲမ၀င်ခင် သည်လိုညနေကတည်းက အရောက်သွားတတ်ကြပြီး ဘုရား ပွဲကွင်းမှာ လှည်းချွတ်ရင်းနေရာဦးနှင့်ကြပြီ။ တချို့လည်း ခင်ရာ မင်ရာ ဆွေမျိုးမိတ်ဆွေတွေဝိုင်းတိုက်ထဲ လှည်းချွတ် ကြပါ၏။ ချက်အိုးပြုတ်အိုး၊ စားအိုးစားခွက် အစုံအလင်နှင့် ပွဲတော်ကွင်းတစ်ကွင်းလုံး မီးခိုးတွေ အူလည်အောင်ချက်ကြ ပြုတ်ကြရင်း သောသောညံ နေတာကိုက ပျော်စရာ။

မဗိုင်းတောင့် အပြင်ကို ထွက်ပြီး မိုးကဲကလေးခတ် လိုက်သည်။ ညနေမစောင်း လှသေးသော်လည်း မိုးရိပ်ကြောင့် အုံ့အုံ့မှိုင်းမှိုင်း ညို့နေလေ၏။ လှည်းတွေ တွေ့လိုက်ရတော့ လည်း ပွဲတော် စိတ်ကလေးဝင်လာကာ ပျော်သလိုလို ရှိလာ ခဲ့သည်။ အဝေးရွာက ပွဲလှည်းတွေတောင် သွားနှင့်ကြပါ ပကော။ ရွာခြေလမ်းမှာ ဖုန်တွေအူလျက်ရှိ၏။ ချူကုံးသံတွေ က တချွင်ချွင်တချွမ်ချွမ်။ နက်ဖျင်အဖိတ်နေ့ ဘုရားပွဲ အ၀င်။ ပွဲဦးဝင်လိမ့်မည်။ ပတ်မကြီးသံတွေ တထီထီ ရှိရော့မည်။ လှည်းလမ်းနှင့် ပွဲတော်ကွင်း လူတွေ၊ လှည်းတွေ ပုရွက် ကြောင်း လိုက်ကြရော့မည်။ ၀တ်ကောင်း စားလှတွေရှိသမျှ ထုတ်ဝတ်ကြတော့မည်။ မူးသူတွေက မူးကြလိမ့်မည်။ ပျော်သူတွေက သီချင်းတကြော်ကြော် ရှိကြလိမ့်မည်။ ရွာ့ အပျိုတွေကို ကာလသားတွေ ရစ်သိုးရစ်သီရှိကြလိမ့်မည်။ ဘာမှစဉ်းစားမနေတော့။ မဗိုင်းတောင့် တဲထဲပြန်ဝင်ကာ တောက်တိုမည်ရ ပစ္စည်းပစ္စယကလေးတွေကို ဖျိုးခနဲ ဖျတ်ခနဲ ထည့်သိုနေလိုက်သည်။ ကိုသာညို ညနေလာခေါ်တော့လည်း တိုးစိန်ကို အဖော်ခေါ်ကာ သွားကြရုံပင်။ တိုးစိန်က မဗိုင်း တောင့် အကြော်ဖိုကို ကူဖက်နေကျ ကလေးမ။ မဗိုင်းတောင့် က အမေဆိုနေကျ ရှေးသီချင်းကလေးကိုပင် ညည်းမိပါ၏။ အမေက သီချင်းညည်းခဲသော်လည်း တစ်ခါတစ်ရံ စိတ်လို လက်ရညည်းပြန်တော့ သည်သီချင်းတိုတိုစစကလေးကိုသာ ညည်းတတ်သည်။ အမေ ညည်းဖန်များတော့ မဗိုင်းတောင့် ပင်ရနေခဲ့ပြီ။ အမေ့အသံက ညင်ညင်ညက်ညက် ကလေးနှင့် အင်မတန်နူးညံ့သည်။ ဇာတ်စင်ပေါ်မှာ မင်းသမီးတစ်လက် ကျကျနန ဟန်ကောင်းပန်ကောင်း ဆိုသလို ဆိုတတ်တာကို လည်းသတိရမိပါ၏။  

“ကျွန်မသဘောလေးတော့ အေးအေးဆေးဆေး ပြောပြ ချင်xxxလင်မယူ အပျိုကြီးလုပ်မယ့် ရွက်အုပ်သီးကလေး တင်တင်xxxမေတ္တာနာဝါလှေယာဉ်xxxရေဇလာဝဲ သြဃ လားလားမှ မကူးဝံ့သူပါ သခင်xxxသုံးစလောင်းကုန်မှ ပြောင်းမှန်းသိတဲ့အသွင်xxxကျွန်မကို ချစ်ခင်မေတ္တာ ဖက်လျှင်xxxအမေ့နားပေါက်အောင် ရွှေစကား တောက် လှည့်ပါရှင်xxxအလို မောင်မောင်ဆန်းရဲ့ အို-ကြောင် တောင်ကန်းသကွယ့်xxxကျွန်မ လှတာ မမြင်ဘူးလားဟင်။ မေတ္တာ ကြည်ဖြူ အကြောင်းတူမျှလျှင်တော့xxxအံဖုံးချနှိပ် သော့ခတ်ပိတ်လို့ မရနိုင်ပေါင်ရှင်xxxအတိုးဝေမျှ ရိုးမြေ ကျxxxပေါင်းရုံပ ပျို့ဒါလင်”

ပွဲသိမ်းည။ ပွဲရက်နောက်ဆုံးညမှာ ညောင်ခါးရွာပွဲခင်း တစ်ခင်းလုံး လူတွေ ခြေချစရာပင်မရှိလောက်အောင် စည်ကား လှသည်။ ဘုရားပွဲကွင်းက စားကျက်ကွင်းဖြစ်၍ စိုက်ကွင်း စိုက်ကွက် မဟုတ်တော့ ပွဲခင်းကြီးကျယ်လှသည်။ သရက်ပင် အုပ်အုပ်နှစ်စုသုံးစုတော့ ဟိုနားတစ်ကွက် သည်နားတစ်ကွက် ရှိသည့်အပြင် လက်ပံပင်တန်းကလည်းရှိတော့ လှည်းတွေ နွားတွေချွတ်နိုင်ကြသည်။ ဘုရားသုံးဆူစလုံးမှာ ဆွမ်းပန်း ရေချမ်းတွေ ကပ်လှူထားကြတာကလည်း သစ်သီးတန်း၊ ပန်းတန်းနှင့်ပင် တူတော့သည်။ ဆီမီးတွေကလည်း ငြိမ်းရ သည်မရှိ။ ဆိုင်းသံတခြိမ်းခြိမ်းကြားက ပွဲခင်းဆီမရောက်ကြဘဲ ဆီမီးရာထောင် ကပ်လှူပူဇော်ကြသူတွေလည်း ရှိပါ၏။ ရှေးကသူကြီး ဆောက်လှူခဲ့သော မျောတိုင်သက်ငယ်မိုး ဇရပ် မဟုတ်တော့ဘဲ နောက်ပိုင်းကုသိုလ်ရှင်များ၏ ကောင်းမှုအုတ် ဇရပ်ကြီးထဲမှာလည်း အဝေးဧည့်တွေ ခြေချစရာပင်မရှိ။ ပွဲခင်းကြီးကို ၀ိုင်းပတ်ထားသည့် ပွဲလှည်းတွေက နှစ်ထပ် သုံးထပ်ပင် မကချင်။ ပွဲတော်ကွင်းစပ် ကုက္ကိုတန်း၊ လက်ပံ ပင်တန်းတွေမှာလည်း လှည်းတွေ ချွတ်ထားကြတာ ရာချီရှိ လိမ့်မည်။        

ရက်တို တောဘုရားပွဲဆိုတော့ ဆယ့်နှစ်ပွဲဈေးသည်လို ဆိုင်ကြီးကနားကြီး ဈေးခင်းတာမျိုးမရှိပေသိ အရွာရွာက လာရောင်းကြသောမုန့်သည်၊ သရေစာ သည်တွေက တစ်မျှော် တစ်ခေါ် ရှည်လျားလှသည်။ အကြော်ဆိုင်တွေကချည်း ပွဲကွင်းတစ်ပတ်လည် ဆိုင်ပေါင်းဆယ့်လေးငါး ဆိုင်ထက် မနည်း။ ဘယ်ဆိုင် မှ မရောင်းရတာ မရှိ။ သူ့ရွာနှင့်သူ့မိတ် အကြော်ဆိုင်တွေမှာ လူအပြည့်။ တချို့ဆိုင်တွေက အရက် ကလေးကဲ့ကာပုန်းကာ ရောင်းကြတာလည်းရှိသည်။ ထင်ထင် ပေါ်ပေါ် မရောင်းရဘူးဆိုပေသိ ယောက်ျားသား အတော်များ များက ရိုးရိုးရိပ်ရိပ် မူးနေကြသူတွေသာဖြစ်၏။ သောက်ရင်း စားရင်း မူးကြ၊ ရူးကြ၊ ဆဲကြ၊ ဆိုကြ၊ ဆွဲကြ၊ လွဲကြ ရာက ဂရုန်းဂရင်းရှိကြလို့ ပွဲဆူတာကလည်း ခဏခဏ။ ညောင်ခါး သူကြီးဦးကျော်ပွားက ညောင်ခါးရွာ ဆယ်အိမ်ခေါင်းများ အပြင် တစ်ရွာ ဆယ်အိမ်ခေါင်း နှစ်ယောက်၊ ၀ါးရင်း တုတ်ကိုင်နှစ်ယောက်စီ တောင်းထားသဖြင့် စီခနဲဆို ထိန်း လိုက်နိုင်တာများပါ၏။ ရွာမလိုသည်းမလို ဟန်ပြင်နေသော မိုးသားတွေလည်း ပွဲညတွေမှာ တစ်ပိုးတစ်ပေါက်တောင် မကျသဖြင့် ပွေးကျင်းက မိုးတား ဆရာလည်း ပွဲခင်းထဲ ခေါင်း ပေါင်းစ တထောင်ထောင် ရှိလေ၏။              

“တိုးစိန်ရေ၊ ကြက်သွန်လှီးဦးဟဲ့၊ ဘူးသီး တစ်လုံးလည်း နွှာသာထားပါအေ။ သည်တစ်ဒယ်ကျရင် ကတိုးဝါနဲ့ ပဲမုန့်ကြော် ထည့်စမ်းမယ်။ ညည်းလှီးပြီးတာနဲ့ အနေတော် ကျမှာပဲ” 

မဗိုင်းတောင့်ဆိုင်ကတော့ ကပ်လျက်အကြော်ဆိုင်လေး ငါးဆိုင်ထဲမှာ အရောင်းရဆုံး ဖြစ်၏။ ရွာထဲက မိန်းကလေး တချို့ ပွဲမထွက်ခင် လာကူကြသော်လည်း ပွဲထွက်တော့ မရှိ ကြတော့ပြီ။ တိုးစိန်ကိုတော့ ပွဲသုံးရက် နေ့တွက်ပေးပြီး ခေါ်ထားရသည်။ နေ့ခင်းဘက် ပဲကြိတ်ရ၊ ထင်းခွဲရနှင့် နှစ်ယောက်သား တစ်ရေးလေးတောင် အနိုင်နိုင်မှေးရပါ၏။ နေ့ခင်းနာရီပြန် နှစ်ချက်လောက်မှာ မီးဖိုပေါ် အကြော်ဒယ် ရောက်ရပြီ။ အကြော် မီးကျင်းဘေးမှာ သစ်ငုတ်ကြီးကြီး တစ်တုံးချ၊ ဒူးပေါ်ပုဆိုးဟောင်းတစ်ထည်လွှားပြီး ကြော်လိုက်ရသည့် အကြော်၊ ညသန်းလွဲ တစ်ချက်နှစ်ချက်အထိ ထိုင်ပေရော့။ တိုးစိန်က ခပ်နုံနုံဆိုတော့ အကြော်တစ်ဖက် ကြော်ရင်း အပေးအကမ်း အအမ်းအတောကိုလည်း လှမ်းကြည့် ရသည်။ မနေ့က လပြည့်နေ့ ဆွမ်းကြီးလောင်းပွဲမှာ ဆွမ်းကလေး လောင်းနိုင်လိုက်သည်။ သည်နှစ်ညောင်ခါး ဘုရားပွဲ ပြီးလျှင် အိမ်ကလေး သက်ငယ်သစ်မိုးရမည်။

“ကိုသာညိုကြီး၊ မနက် လေးနာရီလောက် သိမ်းမလားလို့၊ တော်ပွဲကြည့်ဦးမှာလား။ ပွဲကြည့်မယ် ဆိုရင် မနက် မိုးလင်းမှသာ လှည်းကောက်ခဲ့တော့”

“ငါက မိုးလင်းသာနဲ့ ပွဲပြန်ပို့ရဦးမှာ ဗိုင်းတောင့်ရ။ မနက်လေးနာရီ ပတ်ချာလည်လောက် ရောက်အောင်လာ ခဲ့မယ်။ နင့်ပစ္စည်းတွေ အရင်ပို့ခဲ့မလားလို့”

“ဟုတ်ပါပြီ...တော့် အားနာလို့ပါ”

ညဦးက အကြော်ဆိုင်ကို ကိုသာညိုကြီး ရောက်လာ လို့ ပစ္စည်းသိမ်းလှည်း တစ်ခေါက်စာ ရွာအရောက် ပို့ပေးဖို့ မှာလိုက်ရသည်။ မဗိုင်းတောင့်အဖို့ရာ ပွဲရယ်လို့ ဘယ်တုန်းက မှ ခုံဖိနပ်ဖင် ခုကြည့်ခဲ့ရသည်မရှိ။ ပွဲခင်းထဲက လူတွေ၊ လူတွေကိုဝိုင်းထားသည့် လှည်းတွေ၊ လှည်းတွေ နောက်ကမှ သူတို့လိုဈေးဆိုင်တွေဆိုတော့ လှည်းတပ်ကိုကျော်ပြီး ပွဲခင်းကိုလှမ်းမြင်ရဖို့မလွယ်။ ပွဲသံတွေကိုတော့ အတိုင်းသား ကြားရပါ၏။ ရယ်စရာ ပြက်လုံးတွေကိုကြားတော့လည်း ဘယ်လိုလူက ဘယ်လိုပြက်နေမှန်း မသိရသော်လည်း ပွဲခင်းထဲက ဝေါခနဲ ရယ်သံတွေနှင့်အတူ မဗိုင်းတောင့် လိုက်ရယ်မိ ရသည်။ တိုးစိန်ကတော့ လူနည်းနည်းပါးသည်နှင့် ထင်းငုတ်တွေ စုကာ တက်ရပ်ရင်း လှည်းတွေကို ကျော်ကြည့်တတ် သည်။ တိုးစိန်ကို ပွဲကြည့်စေချင်သော်လည်း ပွဲခင်းထဲ မလွှတ်ဝံ့။ ပြန်မလာလျှင် အခက်။ ဇာတ်က ပခုက္ကူဇာတ် ဆိုပေသိ တောသူတောင်သားတွေ အဖို့ရာတော့ ဦးဖိုးစိန်ကြီး လာက သလို မက်စက်ကြရှာသည်။

“ကြီးတော်ရေ၊ မင်းသားက ချောသယ်တော့်၊ အသံ လည်းကောင်းသယ်။ အရပ်က ပုပုလေးရယ်။ မင်းသမီး ကိုချစ်ကြောင်း ကြိုက်ကြောင်းပြောနေသာ ကြားလား”

“ငါကြားပါသယ်အေ။ နောက်ပိုင်း ဇာတ်ထုပ်လောက် တစ်အိုးတစ်အောင့်မီ ကောင်းပါရဲ့”

တိုးစိန်ခမျာလည်း ဝေးဝေးက ငေးရုံသာ။ ထင်းပွေ့၊ ရေနွေးတည်၊ ရေနွေးအိုးချ၊ အကြော်ချ၊ ပိုက်ဆံသိမ်း။ လူကျ လေ မဗိုင်းတောင့် မီးပူဟပ်လေ။ တိုးစိန်ခမျာလည်း ဒလက် လည်လေ။ ပွဲခင်းဘက် လည်မဆန့်နိုင်လေ။ နောက်ပိုင်း ဇာတ်ပင် ထွက်နေပေါ့။

“မျက်ခုံးတွေကလည်း လှုပ်လိုက်တာနော်။ မောင်ကြီး တစ်ယောက် လှေကြီးနဲ့ အောက်ပြည် အောက်ရွာခရီးများ ထွက်သွားတာကလည်း ရက်များပင်ကြာပါပေါ့လား။ နေကောင်း ထိုင်သာမှ ရှိရဲ့လား။ သမ္မာဒေ၀ နတ်ကောင်း နတ်မြတ်များ စောင့်ရှောက်တော်မူကြပါ။ အရေးထဲ အဖေက လည်း ဘယ်များသွားပါလိမ့်နော်။

“လှုပ်လိုက်တာ ခက်ခဲစွာပွေ အင်မဆုံးပါကလာ့xxx ၀ဲလက်ယာ ရွှေမင်ခုံးရယ်ကxxxစက်အုံးမှာခါခါ မကြည်လို့ xxxမျက်လုံးပါ ချာချာလည်ရသကွယ်xxxနာရီမခြားxxx အား ဟာ-မှတ်ကြ ပင်စရာလေလေ့xxxလာဘ်ရရင် အမှန် ရတနာပxxxရန်တကာ ရန်လာလျှင်ကျေစေသားရယ်လို့ xxxရွှေဖွားမှာ မြေစာယူလို့xxxမေထားဖြူချေတဲ့ ကိန်းကို ရှင် အမယ်လေးxxxငြိမ်းပါ့မလား အား ဟား ဟား”

မင်းသမီးငိုချင်းချနေတာကို ထင်းမြစ်တုံးကြီး နှစ်တုံး ဆင့်ကာကြည့်နေသည့် တိုးစိန်ကို မဗိုင်းတောင့် စိတ်ရောက် သွားသည်။ ခမျာကြည့်ချင်ရှာထင်ပါရဲ့။
“တိုးစိန်၊ ပွဲခင်းထဲ ၀င်တိုး ကြည့်ချင်ကြည့်ချေလေ။ ကိုသာညိုက မနက်လေးနာရီလောက်မှ လာသယ်မှာ၊ ခု ဘယ်အချိန်လောက်များရှိပါလိမ့်။ လင်းတော့လင်းလုပါပြီ”

“ကြီးတော် တစ်အောင့် ကြည့်ချေပါ။ ကျုပ်စောင့် လိုက်ပါ့မယ်”

“တော်ပါပြီအေ၊ ညည်းသာ ကြည့်ချေပါ။ ပစ္စည်းတွေလည်း စုပြီးပေါ့ဟာ။ သွား သွား ငါ့တူမ ကြည့်ချေ”

ဝါခေါင်လ မိုးသက်လေက တသုန်သုန်တိုက်ခတ် လျက် ရှိ၏။ မိုးလင်းခါနီးလို့များ မိုးသောက်လေသွေးတာ ထင်ပါရဲ့။ သည်မနက် ခါတိုင်းထက် အေးလိုက်တာ။ မဗိုင်းတောင့် အကြော်တဲ အပြင်ထွက်ပြီး ကောင်းကင်ကိုမော့ကြည့်လိုက် သည်။ မိုးသားတွေကအိလို့။ မိုးများ ရွာဦးမှာလား။ ဘုရားပွဲရော၊ ဇာတ်ပွဲရော မိုးလွတ်ခဲ့ပေသိ အဖျားထခတ်ချင်လည်း ခတ်နိုင်သည်။ ပွဲကြည့်တွေက ငြိမ်လို့။ လှည်းတွေကလည်း တုတ်တုတ်မလှုပ်ကြ။ ဘုရား သိကြားမလို့ ပွဲပြီးမှ ရွာပါ စေတော်။ အကြော်တဲ အလယ်မှာချိတ်ထားသည့် ရေနံမီးအိမ်ကို ဖြုတ်လိုက်သည်။ နည်းနည်းမှောင်သလို ရှိသော်လည်း မြင်ရပါ၏။ ခဏနေတော့ တဲထဲကို ပုဆိုးတစ်ထည်ခြုံရင်း ကိုသာညို ရောက်လာသည်။

“ငါလည်း မှန်းလာရသာ ဗိုင်းတောင့်ရေ။ လှည်းက နင့်တဲနား အထိဝင်မရဘူး။ လှည်းလမ်းပေါ်မှာ ငုတ်တုတ် ပွဲကြည့်တွေ ပြည့်နေလို့ ကွင်းစပ်ချွတ်ထားခဲ့သယ်။ ဟိုကလေး မကော”

“ပွဲကြည့်လွှတ်လိုက်သယ်။ တိုးစိန်က ရွာက အဖော်တွေနဲ့ နေခဲ့မှာ ထင်ပါရဲ့။ ကျုပ်လည်း သယ်ပါ့မယ်။ တော်-ဒယ်အိုး ကြီးတွေ၊ ဖျာကြမ်းလိပ်တွေသာ သယ်ပေးတော့”

“နင်တစ်ခေါက်စာသာ သယ်သွားပါ။ ကျန်သာ ငါသယ်စမ်းပါ့မယ်။ အနောက်ဆီက ပန်းလာလို့လည်း မဖြစ် ဘူးဟ။ ကျင်းတွေ ချိုင့်တွေနဲ့ နွားတွေ ခြေခေါက်မှ ငါ ထမင်းငတ်မှာ”

ဒါလည်း ဟုတ်ပါရဲ့။ မိုးရိပ်မည်းမည်းကြောင့် မနက် လင်းခါနီးမှ ပိုလို့ပင် မှောင်မည်းနေသေးသည်။ မမြင်ရသည့် ဘက်က မောင်းလာလျှင်နွားခြေထောက်တွေ ချိုင့်ထဲခွက်ထဲ ကျနိုင်သည်။ သွင်သွင်ကျိုးနိုင်သည်။ တစ်ယောက်နှစ်ခေါက်၊ သုံးခေါက်စီ သယ်လိုက်တော့ လှည်းပေါ်တော်တော်လေး ရောက်ပြီ။ တိုလီမုတ်စတွေက ခပ်များများကျန်နေသေးသည်။ 

“ကိုသာညို၊ ကျန်သာ တော်ပဲသယ်လိုက်တော့။လက်ပံ ပင်တွေနောက်က ထင်းတစ်ပွေ့ကျန်သာ ကျုပ် သွားသယ် လိုက်ဦးမယ်”

“အေးအေး သွက်သွက်သယ်ဟ။ မိုးဖွားတောင် ကျလာပြီ”

“တော် ပြီးအောင်သယ်နှင့်။ ကျုပ်လှည်းဆီ လိုက်လာခဲ့မယ်”

မဗိုင်းတောင့်က မင်းသားသီချင်းဆိုသံကို တစ်အောင့် နားထောင် နေလိုက်သေးသည်။ မျက်လုံးတွေက သုံးည အိပ် ရေးပျက်ထားတော့ ဖန်ရီရီ။ နေ့ခင်းနေ့လယ်တွေမှာလည်း အိပ်ရနားရတာမဟုတ်။ လှီးရ ချွတ်ရ ထုရထောင်းရတာ နှင့်ပြီးရတာ မဟုတ်လား။ ထိုစဉ်မှာပင် မိုးတံခါး ဖွင့်ချ လိုက်သလို မိုးတွေသွန်ကျလာခဲ့သည်။ မထင်မှတ်သည့် အချိန်မှာ ရွာလိုက်သဖြင့် ပွဲခင်းတစ်ခင်းလုံး ဟီးခနဲ အသံကြီး မြည်ကာ မိုးဟေ့ မိုးဟေ့ ဆိုသည့်အသံတွေ ဆူပွက်သွား ခဲ့ပါ၏။ လူတွေအားလုံး ထရပ်လိုက်ကြသော်လည်း လှည်းတွေ ၀ိုင်းနေတော့ ထွက်ပေါက်မရှိသလို မိုးရေတွေကြား မှာတိုးဝှေ့နေကြတာကို မဗိုင်းတောင့်မြင်နေရသည်။ လှည်းတွေ ကလည်း ချက်ချင်းကောက်မဖြစ်တော့ မိုးထဲ လေထဲမှာ သည်အတိုင်းကြီး တောင့်ခံနေကြရသည်။ နွားတွေကလည်း ပွဲခင်းအပြင်မှာ ယောက်ယက်ခတ်လို့။ ဇာတ်ခုံပေါ်က ပြည်ဖုံးကားကြီးချလိုက်တာကိုလည်း မြင်နေရသည်။ ကမ္ဘာ ပျက်သလို အော်ကြဟစ်ကြရင်း သည်းသည်ထက်သည်း လာသော မိုးရေတွေအောက်မှာ ဘယ်ကိုမှ မပြေးနိုင်ကြသလို ဖြစ်နေကြသည်။ လူတွေက လှည်းတွေကြောင့် မတိုးနိုင်သလို လှည်းတွေက လူတွေအရှင်းကို စောင့်နေကြတာကပဲ တော် တော်ကြာသွားသည်။ မဗိုင်းတောင့်ပင် ပွဲခင်းကိုကြည့်ရင်း ရပ် နေမိရာက ထင်းတစ်ပွေ့ထားရာ လက်ပံပင်ခြေဘက်ကို ခပ်သွက်သွက် လျှောက်ခဲ့သည်။  

လက်ပံပင်တွေက တစ်သီကြီး။ ပါးပျဉ်းတွေက လူတစ် ယောက် ငုတ်တုတ်ပုန်းနိုင်လောက်အောင် အချိုင့်ကြီးလှပါ ၏။ မဗိုင်းတောင့်က လက်ပံပင်အဟိုက်ကြီးကြီးထဲမှာ ထင်းတွေစီထပ်ထားခြင်း ဖြစ်သည်။ ထင်းတစ်ပွေ့စာ ဆိုသော် လည်း မထားရက်ခဲ့ချင်။ ထင်းတွေကို ကောက်ပွေ့လိုက်ဖို့ ငုံ့လိုက်တော့ မြွေတွန်သံလိုလို၊ ခွေးငယ်အိုင်သံလိုလို အသံ ကလေးတစ်သံ ကြားလိုက်ရလို့ ဘေးဘီကို အကဲခတ်သည်။ လက်ပံပင်တွေအောက်မှာဆိုတော့ မိုးရေများများမကျသေး။ ပွဲခင်းဆီက တဝေါဝေါအသံတွေကလွဲလို့ လက်ပံပင်တွေ နောက်မှာ လူသူမရှိ။ ဘာသံပါလိမ့်။

မဗိုင်းတောင့်က ကပ်လျက် လက်ပံပင်ဘက်ကူးခဲ့ကာ လိုက်ကြည့်သည်။ ပါးပျဉ်းအဟိုက်ကြားမှာ အ၀တ်လိုလို၊ အထုပ်လိုလို အပုံတစ်ပုံရှိနေတာ တွေ့လိုက်ရတော့ တစ်ချက် ငံ့သွားသည်။ အသံကလေးက သည်အထဲကထွက်နေခြင်း ဖြစ်၏။ မဗိုင်းတောင့် ငုံ့ကြည့်လိုက်တော့ မထင်မှတ်တာ ကိုမြင်လိုက်ရလို့ တစ်ကိုယ်လုံးတောင့်သွားလေသည်။
“ဟောတော်-ဟော တော်...ကလေးလေးတော့်၊ ဘယ်ကဘယ်လို”
(ဆက်လက်ဖော်ပြပါမည်)

ခင်ခင်ထူး
(ရွှေအမြုတေ မဂ္ဂဇင်း၊ဇန်န၀ါရီလ ၂၀၁၂)

0 comments:

Post a Comment